အိန္ဒိယမှ Singpho (ကချင်)များ NSCN (IM)ကို ဆန္ဒပြ
အိန္ဒိယနိုင်ငံမှ Singpho လူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သည့် Sri. Jowkhong Singpho အသက်အန္တရာယ်ပြု ခြိမ်းခြောက်ခံရသည့်အပြင် Singpho (အိန္ဒိယနိုင်ငံမှကချင်)လူမျိုး စီးပွားရေးသမားများနှင့် ပြည်သူများလည်း NSCN – National Socialist Council of Nagaland (IM)အဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုနှင့် မတရားငွေကြေးကောက်ခံမှုများခံနေရသဖြင့်၊ ကန့်ကွက်ကြောင်း ဧပြီလ ၂ရက်နေ့တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်မှ Arunachal Pradesh ပြည်နယ်၊ Changlang ခရိုင်တွင် ထောင်ကျော်သော လူထုက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း facebook လူမှုကွန်ယက်နှင့် Arunachal Times သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
NSCN (IM)အဖွဲ့ဝင် Damthing Tangkhul သည် Singpho Development Society (ADC) ဥက္ကဌ၊ Sri. Jowkhong Singpho အား ပြီးခဲ့သည့် မတ်လ ၁၈ရက်နေ့တွင် တယ်လီဖုန်းဆက် ခြိမ်းခြောက်ခဲ့သလို၊ လွန်ခဲ့သော ၂၀၁၆ ခုနှစ်တွင်လည်း အသက်အန္တရာယ်ပြု ခြိမ်းခြောက်ခဲ့သည်ဟု Arunachal Pradesh ပြည်နယ်အစိုးရထံသို့ တိုင်ကြားထားသည့် စာတွင် ပါရှိသည်။
Singpho လူမျိုးများသည် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး တောင်းဆိုချက် (၃)ချက်ပါသည့် တိုင်းကြားစာကို ပြည်နယ်အစိုးရထံ လိပ်မူထားသည်။ Singpho လူမျိုးဆိုင်ရာ အဖွဲ့အစည်း ပေါင်း (၁၀)ဖွဲ့က ပါဝင်ထောက်ခံထားကြောင်း တွေ့ရသည်။