ဆော့လော် လန်ဆယ်မှာ ကျောက်ရွှေလုပ်ကွက် မြေပြိုမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
–
ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာမှာ မနေ့က ဇူလိုင် ၁၁ ရက်နေ့က ကျောက်ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်ပြိုကျပြီး အမျိုးသားတစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှုကြောင့် မြေပြိုလာချိန် ကျောက်တုံးတွေလှိမ့်ကျလာပြီး ရွှေတူးဖော်ရေးလုပ်နေတဲ့ လူတွေပေါ်ပိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူ ၄ ဦးရှိပြီး တစ်ဦးကတော့ သွေးထွက်လွန် သေဆုံးသွားတယ်လို့ သေဆုံးသူရဲ့မိတ်ဆွေတစ်ဦးက ဆိုပါတယ်။
“ရွှေသတ္တုတူးရင်းနဲ့ အပေါ်က ကျောက်တုံးကြီးပိလို့ ခြေထောက်သွေးထွက်လွန် ဆုံးသွားတာတဲ့။”လို့ ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူ သုံးယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
“မနေ့ကဆို ၄ ယောက်လောက် ထိသွားတာ။ ပြင်းပြင်းထန်ထန်တွေပဲ။ တစ်ယောက်ဆို သွားတွေအကုန် ပြုတ်ထွက်သွားတယ်ပြောတယ်။”လို့ သေဆုံးသူရဲ့ မိတ်ဆွေက ပြောပါတယ်။
သေဆုံးသူဟာ ပူတာအို၊ ကောင်ကထောင် ရပ်ကွက်က ရဝမ်အမျိုးသားဖြစ်တယ်လို့ သိရှိရပါတယ်။
ရာသီဉတု အခြေအနေဆိုးဝါးနေတဲ့ လန်ဆယ်ဒေသမှာ ဇူလိုင်လ တစ်လတည်းမှာပဲ မြေပြိုမှုကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာပြီလို့လည်း သိရပါတယ်။
ကချင်အထူးဒေသ (၁) ပြည်သူ့စစ်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ တစ်နိုင်တစ်ပိုင် ကျောက်ရွှေ တူးဖော်နေကြတာဖြစ်ကြောင်း သိရပါတယ်။