မတ္တရာမြို့နယ်မှာ ဒီနေ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့၊ ကလေးငယ်တစ်ဦးသေဆုံး
9 July 2024 – Kachinwaves
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့ တစ်ရက်ထဲမှာပဲ လေကြောင်းတိုက်ခိုက်မှု (၃) နေရာ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်နဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ မတ္တရာဒေသခံ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၉ ရက် နေ့လယ်ပိုင်း ၁၁ နာရီ ၅၀ မိနစ်မှာ တံတားဦးမှတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ မတ္တရာမြို့ရဲ့ အရှေ့ဘက်က ထန်းကုန်းရွာသစ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ နွားတစ်ကောင် ထိခိုက်ခဲ့တယ်လို့ မတ္တရာဒေသခံ ရဲဘော်တစ်ဦးက ပြောပါတယ်။
“ထိခိုက်တာက ကလေးတစ်ယောက်ပေါ့၊ ၄ နှစ်လောက်ရှိမယ်။ ယောကျ်ားလေးပေါ့၊ သေသွားတယ်။ လေယာဉ်နဲ့တော့ တစ်လုံးပဲကြဲသွားတာ။ နွားတွေလည်း ထိခိုက်သွားတယ်။”လို့ ပြောပါတယ်။
ဒါ့အပြင် အုပ်ဖို့ရွာနဲ့ ကပ်လျက်ရွာက သန်းကုန်းရွာကိုလည်း မွန်းလွဲပိုင်း ၁ နာရီ ၄၀ မိနစ်အချိန်မှာ တံတားဦးမှတက်တဲ့ ဂျက်ဖိုက်တာနဲ့ပဲ ဗုံး ၃ လုံး ထပ်မံကြဲချသွားခဲ့တယ်လို့ ပြောပါတယ်။
“အုပ်ဖိုရွာကိုကြဲပြီးတော့ ကပ်လျက်ရွာက သန်းကုန်းရွာကို ၃ လုံး ထပ်ကြဲတယ်။ လူထိခိုက်တာတော့ မရှိဘူး။ စာသင်ကျောင်းပဲ ထိခိုက်သွားတယ်။”လို့ ပြောပါတယ်။
အုပ်ဖိုရွာသစ်နဲ့ သန်းကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီးနောက် မတ္တရာမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားနေတဲ့ တံငါရွာကို ညနေ ၆ နာရီ ၁၀ မိနစ်လောက်မှာ တံတားဦးမှတက်လာတဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ထပ်မံကြဲချသွားတယ်လို့လည်း ပြောပါတယ်။
“အထိခိုက်တော့ အတိအကျမသိသေးပါဘူး။ အဲ့ရွာအနီးမှာ တိုက်ပွဲဖြစ်နေတာတော့ ရှိတယ်။ တိုက်ပွဲပြီးလို့ ညနေပိုင်းမှာ လာကြဲတာ။ အဲ့ရွာမှာ ပြည်သူတွေတော့မရှိဘူး၊ နေမကောင်းလို့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေပဲ ရှိလောက်တယ်။”လို့ ဆိုပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ကလည်း မတ္တရာမြို့နယ် ရုံးပင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။