နန့်ရင်းချောင်းနဲ့ နန့်ကောင်းချောင်း ရေကြီးတာကြောင့် မိုးကောင်းမြို့ ရေ ရပ်ကွက် ၈ ခုထက်မနည်း ရေဝင်
3 July 2024 – Kachinwaves
နန့်ရင်းချောင်းနဲ့ နန့်ကောင်းချောင်းရေ တက်လာတဲ့အတွက် ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မိုးများနေတဲ့ ကားမိုင်းဘက်ကနေ စီးဆင်းလာတဲ့ နန့်ကောင်းချောင်းနဲ့ မိုးညှင်းဘက်ကနေ စီးဆင်းလာတဲ့ နန့်ရင်းချောင်း နှစ်ခုဟာ ရေကြီးနေပြီး မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ (၁၉ ပေကျော်) အထက်သို့ ဒီနေ့ မနက်ကနေ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။
မြို့ထဲရေဝင်နေပြီဖြစ်ကြောင်း မိုးကောင်းဒေသခံတစ်ဦးက ဆိုပါတယ်။
“ရှဒူဇွပ်နဲ့ ကားမိုင်းဘက်က စီးလာတဲ့ချောင်းက နန့်ကောင်းချောင်း၊ မိုးညှင်းဘက်ကစီးလာတဲ့ချောင်းက နန်းရင်းချောင်း ချောင်းနှစ်ခုလုံးဆုံနေတဲ့မြို့က မိုးကောင်းမြို့ နှစ်ချောင်းလုံးရေတစ်ပြိုင်တည်း တက်တော့ မြို့က မြုပ်တာပေါ့။”လို့ ပြောပါတယ်။
မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ မြို့ဦး၊ အိုးတန်း၊ အောက်ချိုင့်၊ နန့်ရင်း၊ ကျွန်းတော၊ ဖိုးချစ်ကုန်း၊ နတ်ကြကုန်း၊ အောက်ရှမ်းစု စတဲ့ရပ်ကွက်တွေမှာ ရေဝင်နေပြီဖြစ်တာကြောင့် ပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ရေး စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။