လယ်ပိုင်ဆိုင်ပြီး ငေးမိုင်နေရသော ပြည်သူများ
ဆောင်းပါး
By Yaung Ni.
27 June 2024 – Kachinwaves
နံနက်အာရုံကျင်း အလင်းရောက်ချိန်တွင် မျက်စိတစ်ဆုံးမြင်နေရသည့် လယ်ကွင်းထဲ အသက် ၃၀ ကျော် ၄၀ နှစ်ဝန်းကျင်နှင့် ၅၀ ကျော် ၆၀ နှစ်အရွယ် လယ်သမား ၁၀ ဦးခန့်သည် ပေါက်ပြားကိုကိုင်ကာ ကိုယ့်လယ်ကိုယ်အပြိုင်အဆိုင် လယ်ထွန်ခြင်း၊ ပေါင်းသတ်ခြင်းနှင့် ပျိုးကြဲခြင်းတို့ကို လုပ်ဆောင်နေကြ ပါသည်။
ပြီးလျှင်တော့ ၎င်းတို့အားလုံးသည် ပေါက်ပြားဂေါ်ပြား ကိုယ်စီဖြင့် လယ်ရေရရှိရန်အတွက် ချောင်းရေကို လယ်ကွင်းထဲသို့ ရောက်အောင် ဆည်ပိတ်ခြင်းနှင့် မြောင်းဖော်ခြင်းများကို ဆက်လက်လုပ်ဆောင်ကြပါသည်။
၎င်းတို့သည် မိုးဦးကျချိန် နယုန်လထဲကို ရောက်လာပြီဖြစ်သည့်အတွက် စပါးစိုက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
၎င်းတို့အထဲမှ အသက် ၆၅ နှစ်အရွယ် ဦးခင်မောင်တစ်ယောက်လည်း ပါပါသည်။ ၎င်းလည်းပဲ ပုဆိုးကို တိုတိုဝတ်ကာ ပေါက်ပြားတစ်လက်ဖြင့် မမောနိုင်မပန်းနိုင် ၎င်း၏လယ်ကို ရေရရှိအောင် မြောင်းဖော်နေပါသည်။
ဦးခင်မောင်သည် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ သူရောင်းရွာသားဖြစ်ပြီးတော့ လယ် ၉ ဧကကို ပိုင်ဆိုင်ထားပါသည်။ ဦးခင်မောင်သည် အသက် ၆၅ နှစ်ဆိုသော်လည်း ယခုချိန်အထိပင် လယ်ကို တစ်ယောက်တည်း လုပ်နိုင်ကိုင်နိုင်တုန်း ဖြစ်ပါသည်။
၎င်း၏လယ်ယာများကို အချိန်ကြာကြီးကြည့်ကာ ငေးမိုင်နေတတ်ပါသည်။ အကြောင်းရင်းမှာ ၎င်း၏တစ်သက် လယ်လုပ်လာခဲ့သော်လည်း မချမ်းသာလာသည့်အပြင် ယခုနောက်ပိုင်းဆိုလျှင် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် လယ်လုပ်ရသည်မှာ အရှုံးချည်းဖြစ်လာသည်ဟု ပြောပါသည်။
ဦးခင်းမောင်သည် လယ်လုပ်လျှက်ပင် သားသမီး ၄ ယောက်လုံးကို တက္ကသိုလ်ဘွဲ့ရသည်အထိ ကျောင်းထားပေးခဲ့ပြီး သားတစ်ယောက်က မဟာဘွဲ့ရရှိခဲ့သည်ဟု ပြောပါသည်။
“ဘကြီးလယ်လုပ်လာတာ နှစ်ပေါင်း ၅၀ ကျော်နေပြီ အသက် ၁၅ နှစ်တည်းက လယ်လုပ်စားလာတာ အခုအချိန်ထိ မကြီးပွားမချမ်းသာသေးဘူး။ သူများနိုင်ငံမှာ လယ်သမားတွေက ချမ်းသာတယ်။ ငါတို့နိုင်ငံမှာ လယ်လုပ်လို့ မကြီးပွားဘူး။ ငါ့သားသမီးတွေကိုလည်း လယ်မလုပ်စေချင်လို့ ပညာတတ်ဖြစ်အောင် ထားတာ။ ငါ့လက်ထက်မှာပဲ လယ်လုပ်တာကို ဖြတ်တော့မှာ။”ဟု ဦးဝင်းမောင်က ဆိုသည်။
ဦးခင်မောင်၏ လယ် ၉ ဧကသည် ယခင်က စပါးတင်း ၈၀၀ အထိထွက်ခဲ့ပြီး ယခုအခါမှာတော့ ၇၀၀ ကျော်သာ ထွက်တော့သည်ဟု ပြောပါသည်။
စပါးအထွက်နှုန်း လျော့လာခြင်း၏ အထိကအကြောင်းရင်းမှာ ရာသီဥတု ဖောက်ပြန်လာပြီး မိုးရွာသွန်းမှု နည်းလာခြင်းကြောင့် ပေါင်းသတ်ဆေးများသုံးရပြီး သမန်း(မြေ)ပုပ်သည့်အထိ မထားနိုင်သောကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်ရှင်းပြသည်။
“အရင်တုန်းက ကဆုန်၊ နယုန်ဆိုရင် လယ်ကွင်းထဲမှာ ရေကိုဖွေးလို့၊ အခုမှာ ရေရအောင်ကို မနည်းလိုက်ရတယ်။ ချောင်းထဲမှာလည်း ရေကမရှိ။ အရင်က စပါးစိုက်မယ်ဆို ဘာပေါင်းသတ်ဆေးမှ မသုံးဘူး။ ပေါင်းတွေပါ တခါတည်းရောထွန်ပြီး ရေနဲ့မြက်နဲ့မြေကြီးနဲ့ တခါတည်းရောပြီး သမန်းပုပ်အောင် အကြာကြီးနှပ်ထားပြီးမှ စိုက်တာ။ အခုမှာ မိုးတွေက မမှန်ဆိုတော့ မိုးရွာချိန်ကိုစောင့်ပြီး မိုးရွာတာနဲ့ တခါတည်းထွန် တခါတည်းအစိမ်းစိုက်ပဲ ဘာသမန်းမှ မပုပ်ရတော့ဘူးဆို။”ဟု မိရိုးဖလာ တောင်သူများ ရာသီဥတု ဖောက်ပြန်မှု၏ အကျိုးဆက်ကြုံတွေ့နေရပုံကို ပြောပြသည်။
ယခုဆိုလျှင် ချောင်းရေလည်း မလာသေးသလို မိုးလည်းမရွာသေးသည့်အတွက် ပျိုးကိုပင် မကြဲရသေးကြောင်း ပြောသည်။
▪︎ တော်လှန်ရေး အမြန်အောင်မှ အဆင်ပြေနိုင်မည့် ဘဝများ
အာဏာမသိမ်းခင်ကဆိုလျှင် စပါးတစ်တင်းဈေးမှာ ၅ ထောင်ကျပ်သာ ရှိခဲ့သော်လည်း စပါးတစ်တင်းရောင်းလျှင် လယ်လုပ်ရာမှာ အသုံးပြုရသည့် ထယ်နှစ်လက် ဝယ်ယူနိုင်သည်ဟု ဆိုသည်။ ယခုစပါးတစ်တင်းလျှင် တစ်သောင်းခွဲကျပ် ရရှိသော်လည်း ထယ်တစ်လက်ဖိုးပင် မရှိတော့ကြောင်း အင်းတော်မြို့နယ် သူရောင်းရွာက အသက် ၄၀ နှစ်အရွယ် လယ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါသည်။ ယခုလက်ရှိ ထယ်တစ်လက်၏တန်ဖိုးမှာ တစ်သောင်းရှစ်ထောင်ကျပ်ထိ ဈေးရှိကြောင်းလည်း ပြောသည်။
ရာသီဥတုညီညွတ်ပြီး လယ်ကောင်းသည့်နှစ်ဆိုလျှင် လယ် ၅ ဧကမှာ စပါးတင်း ၅၀၀ ထွက်ရှိပြီး စုစုပေါင်း ကုန်ကျစရိတ်တန်ဖိုးမှာကျပ် ၂၅ သိန်းဝန်းကျင် ကုန်ကျသည်ဟု ဆိုသည်။ လယ်ပိုင်ရှင်များအတွက် အလွန်ဆုံးကျပ်သိန်း ၇၀ ကျော်သာကျန်သည်ဟု တောင်သူအမျိုးသမီးက ရှင်းပြသည်။
“လယ် ၅ ဧကတစ်စားကို စပါးစိုက်ပျိုးပြီးတဲ့အထိ အပြီးအစီးက ၁၅ သိန်းလောက်ကုန်တယ်။ အခုဆို မိုးမရွာတော့ ရေကိုချောင်းထဲကနေ စက်နဲ့တင်ရတယ်လေ ၅ ဧကတစ်စားကို ဆီဂါလံ ၃၀ လောက်ကုန်တယ်။ စက်ပျက်ရင်လည်း ပြင်ရသေးတယ်။ အခုမှာ စက်ပစ္စည်းတွေကလည် အစစအရာရာ အကုန်ဈေးကြီးတယ်လေ။ အဲ့ဒီမှာ ဓာတ်ဆား (ဓါတ်မြေဩဇာ) ဖိုးတွေ၊ ကောက်စိုက်ခတွေ ပေးရတယ်။ စပါးသိမ်းတဲ့ခါကျရင်လည်း စပါးရိတ်ခ စပါးချွေခတွေက စုစုပေါင်း ၁၀ သိန်းလောက်ကုန်မယ်။”ဟု တွက်ပြသည်။
သို့သော် ရာသီဥတုမမှန်ပဲ မိုးရွာသွန်းမှုနည်းပါးလျှင် ၅ ဧကကိုမှ စပါးတင်း ၂၀၀ ကျော်ခန့်သာ ရရှိကြောင်း ပြောသည်။
“တောင်သူလယ်သမားတွေ ဘဝက ပုံသေမှန်းလို့ မရပါဘူး။ စပါး ၅၀၀ ရောင်းလို့ တစ်နှစ်ပတ်လုံး စားရရုံလောက်ပဲရှိမှာ။ ရာသီဥတုမမှန်လို့ စပါးမကောင်းဘူးဆိုရင် တောင်သူတွေ အကြွေးတင်မှာလေ။ တခြားစီးပွားရေးသာမရှိရင် ဘယ်လိုမှ အဆင်မပြေနိုင်လောက်ဘူး။ ကလေးပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအကုန် ရှိသေးတယ်လေ။ တောင်သူလုပ်လို့ ဘယ်လိုမှ ထမင်းမဝနိုင်ဘူး။”ဟု ဆိုသည်။
ယခုနှစ် စပါးစိုက်ချိန်ဆိုလျှင်တော့ တောင်သူလယ်သမားများသည် အထွက်နှုန်းလျော့သော်လည်း ကုန်ကျစရိတ်နည်းပါးသည့် ဒေသအခေါ် “တစ်တန်ကြဲ” (ကောက်စိုက်သမများ မလိုပဲ မျိုးစပါးကိုတိုက်ရိုက် ကြဲသည့်စိုက်နည်း) စပါးစိုက်နည်းကိုသာ အသုံးပြုပြီး စိုက်ကြတော့သည်ဟု ပြောသည်။
“မိုးမရွာဘူး။ မိုးမကောင်းဘူးဆိုရင် တစ်တန်ကြဲပဲ စိုက်ကြတာလေ။ ပြီးတော့ ကုန်ဈေးနှုန်းတွေ တက်တော့ အင်းတော်နယ်က တောင်သူတွေအကုန်လုံးက ကုန်ကျစရိတ်နည်းမဲ့ တစ်တန်ကြဲကိုပဲ အထိကစိုက်ကြတော့တာပါ။ ရိုးရိုးကောက်စိုက်ရင် စက်နဲ့ရေတင်ရတာရော ကောက်စိုက်ခတွေရော မတတ်နိုင်ကြတော့ဘူး။ တစ်တန်ကြဲက ၁ သိန်းခွဲပဲကုန်ရင် ရိုးရိုးကောက်စိုက်က ၂ သိန်းခွဲကုန်တယ်လေ။”ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တောင်သူလယ်သမားများ၏ဘဝ တဖြည်းဖြည်း ကပ်ဆိုက်လာသည်။
ငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းများက စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူလယ်သမားများ၏ဘဝကို တဖြည်းဖြည်းနှင့် ကပ်ဆိုက်လာစေသည့်အချက်များဖြစ်ပြီး ရာသီဥတု ဖောက်ပြန်မှုကလည်း ပြဿနာတစ်ရပ် ဖြစ်ကြောင်း ပြောပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တော်လှန်ရေး အောင်စေမည့်အရာတွေကိုသာ အဓိကထား လုပ်ဆောင်ပြီး တော်လှန်ရေး အမြန်အောင်မြင်မှ တောင်သူလယ်သမားတို့၏ဘဝ အဆင်ပြေနိုင်တော့မည်ဟု တောင်သူအမျိုးသမီးတစ်ဦးက ပြောပါသည်။
“ကျွန်မတို့ တောင်သူတွေကလေ အခုချိန်ထိ PDF တွေလာရင် ထမင်းကျွေးတယ်။ ကျွန်မတို့ လယ်တောထဲလာရင်လည်း တဲမှာတွေ နားခိုင်းတယ်၊ အိပ်ခိုင်းတယ်။ ရိက္ခာတွေပို့ပေးတယ် အခုချိန်ထိ ကျွန်မတို့ တောင်သူတွေဘက်က တော်လှန်ရေးနဲ့ ပတ်သက်ပြီး ငြိုငြင်သွားတယ်ဆိုတာ မရှိခဲ့ဘူး။ NUG အစိုးရဘက်ကလည်းပေါ့နော် တခြားမလိုအပ်တဲ့အရာတွေ လုပ်နေမဲ့အစား တော်လှန်ရေး အောင်စေမဲ့အရာတွေကိုသာ အဓိကထား လုပ်စေချင်တယ်။ ကျွန်မတို့ တောင်သူလယ်သမားတွေဘဝ ပြန်အဆင်ပြေဖို့ဆိုရင် ဒီတော်လှန်ရေး မြန်မြန်အောင်မှကို ဖြစ်တော့မှာ မဟုတ်ရင် ကျွန်မတို့ ရေရှည်အတွက်ဆို အဆင်မပြေတော့ဘူး။”