ဖားကန့် ဆိုင်းတောင် သင်္ချိုင်းအနီးမှာ ပစ်ခတ်သံတွေ ကြားနေရ
25 June 2024 – Kachinwaves
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအထွက် သင်္ချိုင်းအနီးမှာ ဒီကနေ့မွန်းလွဲ ၂ နာရီလောက်ကစပြီး ပစ်ခတ်သံတွေကြားနေရတယ်လို့ သိရပါတယ်။
ဝှေခါကျေးရွာဘက်အထွက် ဆိုင်းတောင်သင်္ချိုင်းကုန်းနားက တာဝါတိုင်အတက်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုင်းတောင်ဒေသခံတစ်ဦးက ပြောပေမဲ့ တိုက်ပွဲဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်သေးပါ။
“သင်္ချိုင်းကုန်းနားက တာဝါတိုင်အတက်နားမှာ တိုက်ပွဲဖြစ်နေကြပြီ။ ဆိုင်းတောင်ကနေ ဝှေခါကိုသွားတဲ့လမ်းပေါ့။”
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက် ၁၁ နာရီလောက်က ဖားကန့်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းဖြစ်ပြီး လက်နက်အပြည့်အစုံ အင်အား ၁၀၀ ဝန်းကျင်လောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီမနက်အစောပိုင်း ၃ နာရီဝန်းကျင်က အဆိုပါစစ်ကြောင်းဟာ ဖားကန့် – ဆိုင်းတောင်ကြားက ယူမာတံတားနားမှာ တိုက်ခိုက်ခံရတဲ့အတွက် တစ်နာရီကြာအောင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။
ဒီလ ၂၃ နဲ့ ၂၄ ရက်နေ့မှာလည်း ဖားကန့်လမ်းကြောနဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသက ခမရ (၁၁၁) နဲ့ ခလရ (၄၂) တို့ရဲ့ တပ်စခန်း ၃ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။