အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်မြို့များတွင် လျှပ်စစ်မီး ပြတ်တောက်နေသဖြင့် ပြည်သူများ အခက်တွေ့နေ
24 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကသာခရိုင် အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမောက် စသည့်မြို့များတွင် လျှပ်စစ်မီး ပြတ်တောက်နေသဖြင့် ပြည်သူများ အခက်တွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှစပြီး ပြတ်တောက်ခဲ့သည်ဟု အင်းတော်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း တန့်ဆည်၊ ရေဦး၊ ခင်ဦး စသည့်မြို့နယ်များမှ ကျေးရွာအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လျှပ်စစ်မီးသွယ်ပေးပြီးနောက် အဆိုပါ NUG မီးသွယ်ပေးထားသည့် ကျေးရွာဘက်ကို စစ်ကောင်စီဘက်က မီးဖြတ်တောက်လိုက်သည်ဟု သိရှိရသည်။
ထိုသို့မီးဖြတ်ခံရပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဘက်က ခင်ဦးနယ်နှင့် ရွှေဘိုနယ်ကြားရှိ လျှပ်စစ်ဓါတ်အားခွဲရုံ၌ ပြန်လည်ဖြတ်တောက်ထားသည့်အတွက် အထက်ပိုင်း အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမောက် ဘက်က စစ်ကောင်စီစိုးမိုးနယ်မြေနှင့် တော်လှန်ရေးဘက်က စိုးမိုးနယ်မြေ နှစ်ဖက်စလုံးတွင် မီးပြတ်နေခြင်းဖြစ်ကြောင်း သိရသည်။
“လောလောဆယ် ရွှေဘိုအထိတော့ မီးရောက်တယ်ပေါ့။ အဲ့ဒီကြားထဲကနေလို့ နဘားခွဲရုံကိုပေးတဲ့ တရုတ်တာဝါတိုင် တူးတာတီး (230000KV) တွေပေါ့။ အဲ့ဒီဟာကြီးကို လိုင်း ၁ ရော လိုင်း ၂ ရော အပ်ချခံထားရတယ် ထင်တယ်။ အတိအကျတော့ မပြောတတ်ဘူးပေါ့၊ ဖြစ်နိုင်ခြေကတော့ များတယ်။ အဲ့တာကြောင့်မို့ ဒီအထက်ဘက်တွေ လျှပ်စစ်ပြတ်တောက်နေတာ။”ဟု ဒေသလျှပ်စစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လျှပ်စစ်မီးပြန်လည်ရရှိရန် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။ လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ဆန်စက်၊ ဆီစက်လုပ်သူများနှင့် လျှပ်စစ်ကိုအသုံးပြုရသော ပရိဘောဂလုပ်ငန်း လုပ်ကိုင်သူများအပြင် ပြည်သူတို့ ဖုန်းအားသွင်းရန်ပင် အခက်တွေ့နေကြသည်ဟု အင်းတော်မြို့ ဒေသခံက ပြောပါသည်။
“အရင်က ဆန်စက်တွေ ဆီစက်တွေကို လျှပ်စစ်နဲ့လည်ကြတယ်လေ နောက်ပရိဘောဂတွေကအစ လျှပ်စစ်ရှိမှပဲရတာ။ အခုကြတော့ မီးမလာတော့ အကုန်နီးပါး ရပ်နားထားကြရတယ်။ တချို့ကြတော့လည်း မီးစက်နှိုးပြီး လည်ကြတာတော့ရှိတယ်။ ဆီဈေးကလည်းကြီးတော့ ကုန်ပစ္စည်းအနည်းငယ်တော့ ဈေးတက်တာပဲလေ။”ဟု ဆိုသည်။
လျှပ်စစ်မီးပြတ်တောက်နေသည့်အပြင် အင်းတော်မြို့နယ်တွင် Telenor ဖုန်းလိုင်းနှင့် MPT ဖုန်းလိုင်းများပါ ပြတ်တောက်လျှက်ရှိကြောင်းလည်း သိရသည်။