ကျပ်သန်းတစ်ရာခန့် ရောင်းချခဲ့ရသည့် မြစ်ကြီးနား ကျောက်မျက်ရတနာအရောင်းပြပွဲ
ကချင်ပြည်နယ်၏ ပထမဆုံးအကြိမ် ကျောက်မျက်ရတနာအရောင်းပြပွဲတွင် ကျပ်သန်းတစ်ရာခန့် ရောင်းချခဲ့ရပြီး အသားအရည်အသွေးအအဆင့်မြင့်သည့် ဖြတ်သားများကို ပြသခွင့်မရခဲ့ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား) ဥက္ကဌ ဦးဇေလွမ်းက ပြောသည်။
“အတွဲပေါင်း ၃၃၈ တွဲ ပြသခဲ့တယ်၊ ကျောက်အတွဲပေါင်း တစ်ရာကျော်ရောင်းရတယ်၊ ကျပ်ငွေ သန်း ၁၀၀ စွန်းစွန်းရှိတယ်၊ အရည်ကျောက်လေးတွေ မပြပေးဖို့ပြောတာပေါ့၊ ဥပဒေထဲမှာ ပါတဲ့အတွက်ပေါ့နော် လောလောဆယ်က C/D အဆင့်ဆိုတော့၊ မကလ (သတ္တုတွင်း ဝန်ကြီးဌာန) ကတားတာ၊ ဖြတ်သား အသားအဆင့်မြင့်ပြီးမှ အရည်လှိုင်းတွေပါတာတွေပေါ့ ” ဟု ဆိုသည်။
ထို့အပြင် ယခုပြပွဲတွင် C/D အဆင့်သာဖြစ်သောကြောင့် ပြသသည့်လုပ်ငန်းရှင်များနှင့် ဝယ်ယူမည့် လုပ်ငန်းရှင်များပါ စိတ်ဝင်စားပါဝင်မှု အားနည်းကြောင်း၊ A/B အဆင့်နှင့် ကျပ်ပွဲများကို သေချာစနစ်တကျ များများလုပ်နိုင်ပါက ပြည်သူလူထုအတွက်၊ ကချင်ပြည်နယ်အတွက်၊ နိုင်ငံအတွက် အကျိုးကျေးဇူးပိုရှိမည်ဟု မြင်ကြောင်း ဦးဇေလွမ်းက ပြောသည်။
မတ် (၂၆)ရက်မှ (၃၀)ရက်နေ့အထိ ပြုလုပ်သော အဆိုပါပြပွဲတွင် တရုတ်ပြည်မှ ဧည့်သည်တစ်ရာကျော် အပါအဝင် စုစုပေါင်း ဧည့်သည်ပေါင်း တစ်ထောင်ကျော် လာရောက်ခဲ့ပြီး ကျောက်အချောထည်များမှာ ရောင်းချနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)ကတော့ နောင်လာမည့်ပြပွဲများတွင် C/D အဆင့်သာမဟုတ်ပဲ A/B အဆင့်များကိုလည်း ကျပ်ပွဲလုပ်နိုင်ရန်အစိုးရမှ ခွင့်ပြုပေးဖို့အတွက် မျှော်လင့်ထားကြောင်း သိရပါသည်။