မြစ်ကြီးနားမြို့ရှိ ဆီဆိုင်တွေ ဆိုင်ပိတ်ထားလို့ မြို့ခံပြည်သူတွေ အခက်ကြုံနေတယ်လို့ပြော
17 June 2024 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်း ဆီဆိုင်တွေ ဆီမရောင်ဘဲ ပိတ်ထားတာ ၃ ရက်ရှိလာလို့ ပြည်သူတွေ အခက်အခဲ ကြုံနေရကြောင်း သိရပါတယ်။
အခုလိုဆီဆိုင်တွေ ပိတ်နေတာကြောင့် ကျောင်းအကြိုအပို့လုပ်နေတဲ့ ကျောင်းသားမိဘတွေနဲ့ တနိုင်တစ်ပိုင် အသေးစားလုပ်ငန်းရှင်တွေ အခက်တွေ့နေရကြောင်း ဝရိန်ဆိုင်ပိုင်ရှင်တစ်ဦးက အခုလိုပြောပါတယ်။
“လျှပ်စစ်မီးကလည်း မမှန်၊ မီးစက်နိုးဖို့လည်း ဆီပြတ်နဲ့ အော်ဒါတွေ အလုပ်ကောင်းကောင်းတောင် မလည်ပတ်နိုင်ဘူး။ ဒီမနက်ကလေးကို ကျောင်းသွားပို့ဖို့ ဆီရှာတာ ရှိတဲ့ဆီတောင် ကုန်သွားတယ်။ အားလုံးပိတ်ထားတယ်။”လို့ သူက ပြောပါတယ်။
ကန်ပိုင်တည်လမ်း ပိတ်နေတာကြောင့် တရုတ်ဘက်မှဝင်တဲ့ စက်သုံးဆီတွေ ပြတ်လပ်သွားတာကြောင့်လို့ ဆီဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ဆီပြတ်တာ သုံးလေးရက်ရှိပြီ၊ တရုတ်ဘက်ကနေဝင်တဲ့ဆီတွေ အခုကန်ပိုင်တည်လမ်းက ပိတ်သွားလို့ ဆီပြတ်သွားတာပါ။”လို့ ဆီဆိုင်ဝန်ထမ်းက ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ တရုတ်နယ်စပ် ကန်ပိုင်တည်လမ်းကြောရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်းတွေကို ဇွန်လ ၁၁ ရက်နေ့ကစပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။