ပူတာအို လေဆိပ်ဝန်ထမ်းတွေ တန်ဆာခကို တရားဝင်သတ်မှတ်တာထက် ၄ ဆနီးပါး ပိုကောက်တယ်လို့ ပြော
16 June 2024 – Kachinwaves
ကချင်ပြည်နယ်၊ ပူတာအိုမြို့က လေဆိပ်ဝန်ထမ်းတွေဟာ ပစ္စည်းတန်ဆာခကို တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ၄ ဆနီးပါး ပိုကောက်ခံနေတဲ့အတွက် ပြည်သူတွေ အဆင်မပြေဖြစ်နေတယ်လို့ သိရှိရပါတယ်။
လေကြောင်းနဲ့ ပစ္စည်းသယ်ယူမယ်ဆိုရင် တန်ဆာခအနေနဲ့ ၁ ကီလိုဂရမ်ကို မြန်မာငွေကျပ် ငါးထောင်သာ တရားဝင်သတ်မှတ်ထားပေမယ့် လေဆိပ်ဝန်ထမ်းတွေဟာ ၁ ကီလိုကို ငွေနှစ်သောင်းကနေစပြီး တောင်းခံတယ်လို့ ဆိုပါတယ်။
“အလုပ်သမားတွေက ခေါင်းပုံဖြတ်ပြီး ရိုးရိုးခရီးသည်တွေဆီက ၁ သောင်းခွဲ၊ ၂ သောင်းဝန်းကျင်ယူတယ်။ စီးပွားရေးလုပ်နေတဲ့ ကုန်သည်တွေဆီကဆို ၁ ကီလိုကို ၂ သောင်းခွဲအထိယူတယ်။ အဲ့လို အခြေအနေထိ ရှိခဲ့တယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တရားမဝင်တောင်းခံနေတာဟာ မြစ်ကြီးနား – ပူတာအို ကားလမ်း ပိတ်ဆို့ခံရပြီးနောက်ပိုင်း စတင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ကားလမ်းအသုံးပြုခွင့် မရတဲ့အတွက် လေကြောင်းနဲ့ပဲ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နေရတဲ့အချိန် လေဆိပ်ဝန်ထမ်းတွေက အခွန်အခကို တရားမဝင်တိုးမြှင့်ကောက်ခံမှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။
“ဒေသခံတစ်ယောက်အနေ လေယာဉ်က ဝန်ထမ်းတွေကို အဓိကပြောချင်တာက ဒီလိုခက်ခဲတဲ့အချိန်မှာ ဒီလိုအမြတ်စားပြီး ခေါင်းပုံဖြတ်တဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်သင့်တယ်လို့ ထင်တယ်။”လို့ ဒေသခံက ဆက်ပြောပါတယ်။
အခုလက်ရှိ မြစ်ကြီးနား – ပူတာအိုလေကြောင်းကို မန်းရတနာပုံနဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း ပြေးဆွဲနေတယ်လို့ သိရပါတယ်။
မြစ်ကြီးနား – ပူတာအို ကားလမ်းပေါ်က ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားကတည်းက ကားလမ်းကို ပိတ်ပင်ထားခဲ့တာကြောင့် ပူတာအိုဒေသမှာ ကုန်ဈေးနှုန်မြှင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ကုန်တင်ယာဉ်တွေကို စိစစ်ပြီး သယ်ဆောင်ခွင့် ပြန်ပြုထားကြောင်း သိရပါတယ်။