ဂန့်ဂေါမှာ ပျူစောထီးတွေ စစ်ကြောင်းထိုးရင်း နေအိမ်များမီးရှို့ကာ စိတ်မနှံ့တဲ့ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့
31 May 2024 Kachinwaves
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်းရန်ရွာမှ ပျူစောထီးတပ်ဖွဲ့များသည် သင်တောရွာနှင့်ရွှေဘိုရွာဘက်ကို စစ်ကြောင်းထိုးလာပြီး နေအိမ်များကို မီးရှိုဖျက်ဆီးကာ စိတ်မနှံ့သည့် ပြည်သူတစ်ဦးကိုလည်း ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း နယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
မြောက်ခင်းရန်ရွာမှ အင်အား ၃၀၀ နီးပါးရှိသည့် ပျူစောထီးစစ်ကြောင်းက မေလ ၃၀ ရက်နေ့နံနက် ၄ နာရီအချိန်တွင် ရေသာရွာ၊ သင်တောရွာနှင့် ရွှေဘိုရွာဘက်ကို စစ်ကြောင်းထိုးလာ၍ နံနက် ၇ နာရီ အချိန်ခန့်တွင် သင်တောရွာနှင့် ရွှေဘိုရွာကြားအရောက်၌ ဒေသခံတော်လှန်ရေးရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြောသည်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့် ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ရွှေဘိုရွာသို့ ဝင်ရောက်ခဲ့ကာ ပြည်သူပိုင်နေအိမ် ၆၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့သလို စိတ်မနှံ့သော အသက် ၃၅ နှစ်အရွယ် ကိုဇင်မျိုး ဆိုသူကိုလည်း ခေါင်းဖြတ်သတ်ပြီး လမ်းပေါ်ပစ်ထားခဲ့ကြောင်း ပြောသည်။
“တစ်ရွာလုံးက ရှောင်ပြေးကြတာ။ သူက စိတ်မနှံ့တော့ ရွာထဲကျန်ထားခဲ့တာ။ အဲ့တာကို ခေါင်းဖြတ်သတ်ပြီးတော့ လမ်းမပေါ်ပစ်ထားခဲ့တာ”ဟု ဆိုသည်။
၎င်းပျူစောထီးစစ်ကြောင်းသည် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မြောက်ခင်းရန်ရွာသို့ ပြန်လည်ဆုတ်ခွာခဲ့ပြီး ဒဏ်ရာရသည့် ပျူစောထီးအဖွဲ့ဝင်များကို ဟံသာဝတီဆေးရုံ၌ ဆေးကုသနေပြီး အထိအခိုက် သေဆုံးမှုများနိုင်ကြောင်းလည်း ဒေသခံတော်လှန်ရေးရဲဘော်က ပြောသည်။
မြောက်ခင်းရန်ရွာမှ ပျူစောထီးများသည် မေလ ၁၆ ရက်နေ့တွင်လည်း အိမ်ခြေ ၄၆၂ အိမ်ရှိသည့် ရွှေဘိုရွာကို ဝင်ရောက်စီးနင်းကာ နေအိမ် ၂၅၀ ကျော်ကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မြောက်ခင်းရန်ရွာ ပျူစောထီးများ၏ ရွာမီးရှို့ဖျက်ဆီးမှုသည် ယခုဖြစ်စဉ်အပါဆိုလျှင် ၄ ကြိမ်ရှိပြီဖြစ်ပြီး မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။