ဖုန်းလိုင်းတစ်ချို့ ပြတ်တောက်နေတာကြောင့် အွန်လိုင်းကျောင်းတက်လူငယ်တွေ အခက်ကြုံ
31 May 2024 – Kachinwaves
ကချင်ပြည်နယ်မှာ Atom (Telenor) နဲ့ Ooredoo ဖုန်းလိုင်းပြတ်တောက်နေကြောင်း သိရပါတယ်။
Atom ဖုန်းလိုင်းပြတ်နေတာ ၂ ရက်ရှိလာပြီး Ooredoo ဖုန်းလိုင်း ပြတ်တစ်လေ့ ရတစ်လေ့ဖြစ်နေကြောင်း မြစ်ကြီးနားမြို့ ဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရပါတယ်။
“မနေ့ကနေ Atom ဖုန်းလိုင်းပြတ်နေတာ အခုထိမရသေးဘူး။ Ooredoo ဆိုရင် ရတစ်လေ့မရတစ်လေ့ ဖြစ်နေတာ ဘာဖြစ်လို့လဲ မသိဘူး။”လို့ သူမကပြောပါတယ်။
ဖုန်းလိုင်းများ ပြတ်တောက်နေတာကြောင့် မီးမလာချိန် ဒေတာနဲ့သုံးပြီး အွန်လိုင်းကနေ ပညာသင်ယူနေတဲ့ Atom ဖုန်းကဒ်သုံးတဲ့ လူငယ်တစ်ဦးလဲ အခုလိုပြောပါတယ်။
“မီးကအလေ့ကျပဲလာတော့ မီးပျက်တဲ့အချိန် Wifi မရတော့ဘူး။ ဒေတာသုံးပြီး အွန်လိုင်းကနေ သင်တန်းတက်ရတာလေ။ အခုတော့ ဖုန်းလိုင်းလည်းမရှိတော့ အခက်တွေ့တာပေါ့။”လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို နေရာဒေသအလိုက် ပိတ်လိုက်ဖွင့်လိုက် မကြာခဏပြုလုပ်နေပြီး အခုနောက်ပိုင်း လူသုံးများတဲ့ အခမဲ့ VPN တွေကိုလည်း လိုက်ပိတ်လာတယ်လို့ သိရပါတယ်။