အရှင်ဝင်လုံး ဖမ်းဆီးခံရတဲ့ ခလရ (၁၃၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ချမ်းဇေဟိန်း သေဆုံး
29 May 2024 – Kachinwaves
အရှင်ဝင်လုံး ဖမ်းဆီးခဲ့ရတယ်ဆိုပြီး ပူတာအို KPDF က ထုတ်ပြန်ထားတဲ့ ခလရ (၁၃၇) တပ်ရင်းမှူး ဒဏ်ရာတွေကြောင့် သေဆုံးသွားပြီလို့ သိရပါတယ်။
ဆွမ်ပရာဘွမ် ခလရ (၄၆) စခန်းကို စစ်ကူသွားတဲ့ မချမ်းဘော့ ခလရ (၁၃၇) တပ်ရင်းမှူးကို မေလ ၁၈ ရက်နေ့က ပူတာအို KPDF တွေ ဖမ်းဆီးနိုင်ခဲ့ပြီး နောက်တစ်ရက်မှာပဲ သေဆုံးသွားခဲ့တာလို့ ပူတာအို စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“သူတို့လည်း စစ်ရေးလှုပ်ရှားတဲ့နေရာ နယ်ကျွံလာလို့ ထိတွေ့မှုဖြစ်တယ်။ တပ်ရင်းမှူးကျတော့ ဖမ်းမိတဲ့အချိန်မှာ သွေးထွက်ပြီး ဒဏ်ရာရထားတယ်လို့ သိရတယ်။ ဆိုတော့ တော်လှန်ရေး အင်အားစုတွေက ဖမ်းမိတာနဲ့ ဆေးတွေဘာတွေ ကုပေးတာပေါ့လေ။ ဒါပေမယ့် ရတဲ့ဒဏ်ရာနဲ့ပဲ နောက်နေ့ (မေ ၁၉ ရက်နေ့မှာ) သေသွားတယ်လို့ သိရတယ်။”
တပ်ရင်းမှူး အပါအဝင် စစ်ကြောင်းမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဆွမ်ပရာဘွမ်ဘက် စစ်ကူစစ်ကြောင်း လှုပ်ရှားလာစဉ် သေဆုံးသွားတဲ့ အဆိုပါ တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီး ချမ်းဇေဟိန်း ဖြစ်ကြောင်း သိရပါတယ်။
ဆွမ်ပရာဘွမ်မြို့ ခလရ (၄၆) တပ်ရင်း ဗျူဟာကုန်းကြီးကို မတ်လ ၁၄ ရက်ကနေ KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် မေလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်ထားပေမဲ့ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုကြား ကားလမ်းကြောတစ်လျှောက်က ဆွမ်ပီယန်၊ လုံရှာယန် စတဲ့ကျေးရွာနယ်မြေတွေမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေဆဲဖြစ်ပြီး၊ တိုက်ပွဲတွေ ဖြစ်ပွားကာ ဒေသခံပြည်သူတွေလည်း တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။