ဟိုကပ်နဲ့ တာပဒေါင်းရွာမှာ စစ်ကောင်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် ကလေးနှစ်ယောက်ကိုပိုက်ဖက်ပြီး ကာကွယ်နေတဲ့ ဖခင်တစ်ဦး ကျည်ထိသေဆုံးခဲ့
26 May 2024 – Kachinwaves
မြစ်ကြီးနားမြို့နယ်၊ KIA ထိန်းချုပ်ဒေသ ဟိုကပ်နဲ့ တာပဒေါင်းရွာဘက် တိုက်ပွဲမဖြစ်ဘဲ၊ မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်တပ်ရဲ့ လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် ကလေးနှစ်ယောက်ကိုပိုက်ဖက်ထားပြီး ကာကွယ်နေတဲ့ ဖခင်တစ်ဦး ကျည်ထိသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်းဘေး တာပဒေါင်းရွာနယ်မြေထဲမှာ ရွှေလုပ်နေတဲ့ ရွှေဖောင်တွေနဲ့ ဟိုကပ်ကျေးရွာမှာ လေယာဉ်ဗုံးချပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ တာပဒေါင်းရွာအရှေ့ဘက်ကမ်းရှိ တာလောကြီးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဟုတ်တယ်။ ရွှေဖောင်ဘက်တွေရော တာပတောင်းနဲ့ ဟိုကပ်ဘက်မှာ ပြောတယ်။ စက်သေနတ်တွေနဲ့ရော ဗုံးပါချသွားတယ်။”
ဧရာဝတီမြစ်ဘေးက ရွှေဖောင်တွေကို လေယာဉ်က စက်သေနတ်နဲ့ပစ်ခတ်စဉ် အရပ်သားအမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးတယ်လို့ ကြားသိရကြောင်း သူကဆိုပါတယ်။
“ကြားမိတာ၊ သားအဖသုံးယောက်ရှိတာ ကလေးနှစ်ယောက်က လေယာဉ်လာတော့ ဟိုပြေးဒီပြေးနဲ့မို့ အဖေက သူတို့နှစ်ယောက်ကို ဆွဲပြီးပုန်းမလို့ဟာ သေနတ်ကပစ်လာပြီဆိုတော့ မမီတော့မှာစိုးလို့ ကလေးနှစ်ယောက်ကို ပိုက်ပြီး ကျောပေးပြီး ထိုင်နေလိုက်တာ ကျောဘက်ကိုပစ်သွားလို့ ကလေးတွေရဲ့အဖေက ဆုံးသွားတယ်၊ ကြားတယ်။”
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ဘေးက ဟိုကပ်၊ တာပဒေါင်းကျေးရွာစတဲ့ ကျေးရွာနယ်မြေအတွင်း အာဏာသိမ်းကာလက စတင်ပြီး စက်လှေကြီးတွေနဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေကြပြီး စစ်ကောင်စီတပ်ကလည်း အဆိုပါနေရာတွေကို ဗုံးလာကြဲလေ့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုလ မေလကစပြီး ဝိုင်းမော်မြို့နယ်အတွင်း KIA ဘက်က ထိုးစစ်ဆင်စခန်းသိမ်း တိုက်ပွဲတွေဆင်နွှဲနေပြီး စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွါးရာအနီးတဝိုက်ဖြစ်တဲ့ တာလောကြီး၊ ဟိုကပ်နဲ့ KIA တပ်ရင်း ၁၁ နယ်မြေတွေအပြင် ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကိုပါ လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။