စစ်ကောင်စီ၏ နယ်မြေကျုံ့လာသည့် တမူးမြို့နယ်တွင် ABSDF နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်
19 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ တမူးမြို့အထွက် တမူး – အောင်ဇေယျလမ်းတွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်မတော် (ABSDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေ ၁၈ ရက်နေ့ နံနက်ခင်းအချိန်တွင် စစ်ကောင်စီရဲနှင့် ကသည်းတပ်တို့က အင်အား ၇၀ ခန့်ဖြင့် တမူး – အောင်ဇေယျ ကားလမ်းအရှေ့ဘက်သို့ စစ်ကြောင်းထွက်လာချိန် ABSDF အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ABSDF သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ရန်သူ့အင်အားက ကသည်းတပ်ရယ်၊ ရဲရယ်၊ စကခ ရယ်ပေါင်းပြီးတော့မှ အင်အား ၇၀ လောက်က ကျွန်တော်တို့ လုံခြုံရေးချထားတဲ့ တမူး – အောင်ဇေယျ ကားလမ်းအရှေ့ခြမ်းဘက်မှာထိ စစ်ကြောင်းထိုးလာလို့ ထိတွေ့မှုဖြစ်တာ။ မနက် ၅ နာရီ ၅၀ မိနစ်ကနေ ၇ နာရီကျော်တဲ့အထိ ၁ နာရီကျော်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ဘက်က အင်အားနည်းပေမဲ့ သူတို့ (စကစ) တွေကို ရှေ့မတိုးနိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့တယ်။”ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း တမူးမြို့မှ စစ်ကား ၅ စီးဖြင့် စစ်ကောင်စီတပ်၏ စစ်ကူရောက်ရှိလာကြောင်းလည်း ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ လူနာတင်ကားဖြင့် မြို့ထဲသို့ သယ်ဆောင်သွားပြီး တော်လှန်ရေးဘက်က အထိအခိုက်မရှိခဲ့ကြောင်း တမူးဒေသခံတစ်ဦးက ပြောသည်။
တမူးမြို့နယ်တွင် မေလ ၁၇ ရက်နေ့က တမူးမြို့သစ်မြို့အား တော်လှန်ရေးတပ်ဘက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ စစ်ကောင်စီတပ်၏ စိုးမိုးနယ်မြေသည် မြို့ပေါ်နှင့် မင်းသာရွာသာ ကျန်ရှိတော့ကြောင်း သိရသည်။