မြင်းမူတွင် စစ်ရှောင်ပြည်သူ ၃၀ နီးပါး အစုလိုက်အပြုံလိုက် ပစ်သတ်ခံရသည်ဟုဆို
11 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ စစ်ရှောင်နေသော ပြည်သူအယောက် ၃၀ နီးပါးကို စစ်ကောင်စီတပ်က ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ မေလ ၁၁ ရက် နံနက် ၅ နာရီခန့်က လက်ထုတ္တောကျေးရွာနှင့် ၁ မိုင်အကွာတွင်ရှိသော ချောင်းဦးမြို့နယ် နတ်ရေကန်ရွာမှ စစ်ကောင်စီတပ်နှင့် မြောင်လမ်းခွဲမှ စစ်ကောင်စီတပ်တို့ ပေါင်း၍ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ၎င်းရွာကို နှစ်ဖက်ညှပ် ဝင်ရောက်စီးနင်းကာ ပြည်သူတို့ကို ပစ်သတ်ခဲ့ပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တခြားတော့ တိုက်ပွဲဘာညာ မဖြစ်ဘူး။ မနက်က ဟိုဘက်ဒီဘက် အရှေ့နဲ့အနောက်ပေါ့ဗျာ၊ ရွာထဲကို တောက်လျှောက် လက်နက်ကြီး လက်နက်ငယ်နဲ့ မနားတမ်း ပစ်ဝင်လာတာပေါ့။ ဝင်လာတဲ့အချိန်မှာ ရွာထဲက ပြည်သူတွေက ပြေးချိန်မရှိတော့ ဘုန်းကြီးကျောင်းထဲ အကုန်ပြေးဝင်တာပေါ့။ ပြေးဝင်တဲ့အချိန် ဘုန်းကြီးကျောင်းထဲက လူတွေကို အကုန်ခေါ်ထုတ်ပြီး အစုလိုက်အပြုံလိုက် ပစ်သတ်သွားတာပေါ့။”ဟု ဆိုသည်။
အသတ်ခံထားရသော ပြည်သူများထဲ အသက် ၁၈ နှစ်မပြည့်သေးသည့် ၁၅ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး၊ အသက် ၇၀ နှစ်အရွယ် အဖိုးအိုတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး စုစုပေါင်း ၂၇ ဦး အသတ်ခံခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ခဲ့ပြီးနောက် ကျေးရွာကိုလည်း မီးရှို့ခဲ့ကာ ပြည်သူ ၁၇ ဦးကိုလည်း လူသားဒိုင်းအဖြစ် ယာယီဖမ်းဆီးမှုဖြစ်ခဲ့ပြီး ပြန်လွတ်ပေးခဲ့ကြောင်းလည်း ပြောသည်။
ပြည်သူများကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ယခုလက်ရှိမှာတော့ ၎င်းတို့လာခဲ့သော စခန်းများသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
လက်ထုတ္တောကျေးရွာသည် အိမ်ခြေ ၇၀၀ နှင့် လူဦးရေ ၃၀၀၀ နီးပါးနေထိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့က စစ်ကောင်စီတပ်က အိမ်ခြေ ၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်းလည်း သိရသည်။