ကချင်ပြည်နယ်က စစ်ဆင်ရေး ဘယ်ခရီး ရောက်လာပြီလဲ။
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
30 April 2024 – Kachinwaves
လောလောလတ်လတ် KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့ဟာ ကချင်ပြည်နယ်အတွင်းက ဘယ်လောက် အရေးပါတဲ့မြို့ဖြစ်ပြီး KIA ရဲ့ စစ်ဆင်ရေး ဘယ်အတိုင်းအတာထိ ခရီးရောက်နေပြီလဲ။
ဧရာဝတီမြစ်အနောက်ဘက် မြစ်ကမ်းနဖူးပေါ်မှာ တည်ရှိပြီး ရေလမ်းခရီးနဲ့ အဓိကသွားလာလို့ရတဲ့ ဆင်ဘိုမြို့ရဲ့ အရှေ့ဘက်သို့ ကုန်းလမ်းခရီးနဲ့ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ထိ သွားလာနိုင်ပြီး အနောက်ဘက် ဟိုပင်မြို့သို့လည်း သွားလာနိုင်ပါတယ်။
အဆိုပါ ဆင်ဘိုမြို့ကို ထိန်းချုပ်နိုင်ဖို့ အဓိက တပ်စခန်းဖြစ်တဲ့ စစ်ကောင်စီရဲ့ ခလရ (၁၄၁) တပ်ကို ဧပြီ ၂၉ ရက်နေ့က ကချင်ပြည်နယ်တွင်း စစ်ဆင်ရေးလှုပ်ရှားနေတဲ့ KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။ ဒီဆင်ဘိုမြို့နဲ့ တပ်စခန်းသိမ်း တိုက်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲစတင်ပြီးနောက် ၂ လကျော်အကြာမှာ မြို့နဲ့ ၃ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်ကို အပြီးပိုင်သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။
အများပြည်သူအတွက် ဆင်ဘိုမြို့ကိုသွားဖို့ ရေလမ်းခရီးနဲ့သာ သွားလာရလွယ်ကူတာ ဖြစ်ပေမဲ့ စစ်ရေးအရတော့ ဗျူဟာကျတဲ့ နေရာဖြစ်တယ်လို့ ဆင်ဘိုအကြောင်းသိထားတဲ့ KPDF တစ်ယောက်ရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီအတွက် ဧရာဝတီ အရှေ့ဘက်ခြမ်းရှိ KIA တပ်စခန်းတွေကို စစ်ကြောင်းထိုးဖို့ လုပ်မယ်ဆိုရင် ဆင်ဘိုလမ်းကြောင်းဟာ အရေးပါတဲ့ လမ်းကြောင်းဖြစ်ပြီး အဲ့လမ်းကြောင်းကနေတစ်ဆင့် လက်နက်ခဲယမ်းတွေကို အဓိက ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိထားရပါတယ်။
ဗျူဟာအရ အရေးပါတဲ့နေရာဖြစ်တာကြောင့် စစ်ကောင်စီက ဆင်ဘိုတပ်စခန်းကို ခံစစ်သေချာ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး ဆင်ဘိုမြို့ကို အပြီးပိုင်သိမ်းနိုင်ဖို့ KIA နဲ့ တော်လှန်ရေးတပ်တွေဟာ နှစ်လအတွင်း ၄ ကြိမ်ထက်မနည်း စခန်းကို ထိုးစစ်ဆင်နွှဲခဲ့ရတယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲမှာ စစ်တပ်ရဲ့ အပီအပြင် ပြင်ဆင်ထားတဲ့ ခံစစ်အနေအထားနဲ့ လေကြောင်းသုံး ခုခံကာကွယ်မှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း ကျဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ အသက်၊ သွေး၊ ချွေး၊ ဘဝတွေနဲ့ ရင်းပြီးရခဲ့တဲ့ ဆင်ဘိုဟာ အခုဆိုရင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေထဲ ကျရောက်သွားပြီ ဖြစ်ပါတယ်။
KIA နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးပြီးမြောက်မှု အခြေအနေအရ စစ်ကိုင်းတိုင်းကနေ ဧရာဝတီမြစ် လမ်းကြောင်းအလိုက် ကချင်ပြည်နယ်ဘက်ကို တက်ကြည့်မယ်ဆိုရင် ရွှေကူကနေစပြီး မြစ်ကြီးနားအထိ အနောက်ဘက် မြစ်ကမ်းဘေး တစ်ကြောလုံးက ဒေသတွေဟာ KIA နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေဖြစ်နေပြီပဲ ဖြစ်ပါတယ်။ စစ်ကိုင်း – ကချင်အစပ် ရေလမ်းကြောင်းဗျူဟာကို ထိန်းချုပ်ထားတဲ့ ရွှေကူမြို့နယ်ထဲက မြို့လှဗျူဟာနဲ့ ဆင်ဘိုဗျူဟာစခန်း နှစ်ခုလုံးကို တော်လှန်ရေးအဖွဲ့ဘက်က ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်တာကြောင့် ဒီထိန်းချုပ်ဧရိယာတွေနဲ့ အပြိုင်ဖြစ်နေတဲ့ မြစ်တစ်ဘက်ကမ်းမှာ ရွှေကူနဲ့ ဗန်းမော်မြို့ကြီးကလွဲရင် မြစ်ကြီးနားမြို့ မရောက်ခင်ထိ မြစ်လမ်းကြောတစ်ခုလုံးကို တော်လှန်ရေးအဖွဲ့က ထိန်းချုပ်ထားနိုင်တဲ့ အနေအထားပါ။
ဧရာဝတီမြစ်လမ်းတစ်ကြောက အခုလိုအခြေအနေတွေအပြင် ၂၀၂၄ နှစ်စပိုင်းက စတင်လိုက်တဲ့ မြစ်ကြီးနား – ဗန်းမော် – မံစီ လမ်းကြောတစ်လျှောက်က စစ်ဆင်ရေးတွေကနေ ထိန်းချုပ်နယ်မြေ ဧရိယာတွေ ကျယ်ပြန့်လာပြီး မြို့ပေါ်နေရာတွေကလွဲရင် လမ်းကြောတစ်လျှောက်လုံးကိုလည်း တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားနိုင်တဲ့ အနေအထားဖြစ်နေပါပြီ။ ဒါ့အပြင် ဖားကန့်မြို့နယ်မှာလည်း စစ်ကောင်စီအတွက် နယ်မြေကျဉ်းကျပ်လာပြီး မြောက်ပိုင်း ပူတာအိုဒေသနဲ့ ဆက်သွယ်ဖို့လည်း ဆွမ်ပရာဘွမ်မှာ ဖြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။
အခြေအနေတွေကို ခြုံပြီးကြည့်မယ်ဆိုရင် တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းနေထိုင်တဲ့ ပြည်နယ်ရဲ့ အရှေ့မြောက်ဒေသနဲ့ မြို့ပေါ်ဧရိယာတွေကိုသာ စစ်ကောင်စီက မိမိရရဆုပ်ကိုင်ထားနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။