ဖားကန့်လမ်းရှိ အရေးပါသည့် နန့်ယား စစ်ကောင်စီတပ်စခန်းကို KIA နှင့် KPDF တို့ တိုက်ခိုက်သိမ်းပိုက်
11 April 2024 – Kachinwaves
ဖားကန့် – ကာမိုင်းကြား ကားလမ်းပေါ်ရှိ ဗျူဟာကျသည့် နန့်ယား စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားသည်။
ဧပြီ ၉ ရက်နေ့က KIA နှင့် ပူးပေါင်းတပ်ဖွဲ့ စတင်တိုက်ခိုက်ခဲ့သည့် နန့်ယားစစ်ကောင်စီတပ်နှင့် ဂိတ်စခန်းမှာ ယနေ့နံနက် ၇ နာရီတွင် အပြီးပိုင်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်နှင့်နီးစပ်သည့် ပြည်သူတစ်ဦး၏ ပြောဆိုချက်အရ ယမန်နေ့ည ၉ နာရီတွင် စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အလံဖြူထောင် လက်နက်ချခဲ့ပြီး အချို့မှာ ထွက်ပြေးသွားကြောင်းနှင့် ထွက်ပြေးသူများကိုလည်း ဖမ်းဆီးရရှိထားကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲက ယမန်နေ့ည ၉ နာရီခွဲကတည်းက ပြီးဆုံးသွားပြီဖြစ်ပြီး ယနေ့နံနက် ၆ နာရီတွင် စခန်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်းနှင့် စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိရကြောင်း ဆိုသည်။
ဖားကန့်သို့ သွားရာလမ်းပိုင်းအတွက် အရေးပါဗျူဟာကျသည့် နန့်ယားစစ်တပ်စခန်းနှင့် ဂိတ်မှာ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်တို့ အထိုင်ချပြီး စစ်ဆေးရေးဂိတ် ထားရှိသည့်နေရာဖြစ်သည်။