ရွှေကူမြို့ ခမရ ၆၀၂ တပ်ရင်းကို မြို့လှ KPDF အဖွဲ့က သွားရောက်တိုက်ခိုက်
19 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့က စစ်ကောင်စီတပ်အထိုင်ချတဲ့ စခန်းနဲ့တပ်ရင်းတွေကို မြို့လှ KPDF အဖွဲ့က ဒီမနက် ၅ နာရီခွဲလောက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ရွှေကူမြို့က ခမရ ၆၀၂ တပ်ရင်း၊ ရွှေကူ – ငါးဘတ်ကြီးရွာသွားလမ်းက တာဝါတိုင်ကုန်းနဲ့ ရွှေကူမြို့အဝင် လေးလမ်းဆုံ စတဲ့နေရာတွေကို ၄၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့အဖွဲ့က ၆၀၂ တပ်ရင်းထဲကို ၆ လုံးပစ်ခဲ့တယ်။ ဟိုဘက်အဖွဲ့တွေကတော့ ၃ လုံးစီ”
စစ်မြူတဲ့သဘောနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီထက်ကြီးမားတဲ့ မြို့သိမ်းနိုင်တဲ့အထိ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ သူကဆိုပါတယ်။
ငါးဘတ်ကြီး တာဝါတိုင်ကုန်းစခန်းဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့က KIA ပူးပေါင်းအဖွဲ့ရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းကိုခံခဲ့ရဖူးပြီး အဲ့နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေကို တော်လှန်ရေးအဖွဲ့ဝင်တွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။