အင်းတော်ကြီး၊ နမ့်မွန့်မြို့က NLD ပါတီဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရ
15 January 2024- Kachinwaves
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရမှု ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ နမ့်မွန့်မြို့တွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၃ ရက်နေ့ ည ၇ နာရီဝန်းကျင်က နမ့်မွန်းမြို့၊ လယ်ပုံရပ်ကွက်ရှိ NLD ပါတီဝင်ဟောင်း အမျိုးသားတစ်ဦး၏ နေအိမ်သို့ အမည်မသိလက်နက်ကိုင်လူတစ်စု ဝင်ရောက်ပစ်ခတ်ခဲ့၍ သေဆုံးသွားကြောင်း နမ့်မွန်းဒေသခံတစ်ဦးက ဆိုသည်။
“ဆန်းလင်းစိုးတော့ဆုံးသွားပြီ။ သူ့မိန်းမတော့ ဘာမှမဖြစါဘူးတဲ့”
သေဆုံးသူ ကိုဆန်းလင်းစိုးမှာ ၂၀၁၅ ရွေးကောက်ကာလက အင်းတော်ကြီးဒေသ၏ NLD ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှထုတ်ပယ်ခံခဲ့ရကြောင်း အဆိုပါဒေသခံက ဆိုသည်။
“အရင်က NLD အဖွဲ့ဝင်ကနေ ထုတ်ပယ်ခံထားရတယ်။ ခုတော့အိမ်ခြံမြေအကျိုးဆောင် ပွဲစားတွေ လိုက်လုပ်နေတယ်။”
အင်းတော်ကြီးဒေသအတွင်း လူထုအခြေခံ ခရီးသွားလုပ်ငန်းနှင့် လက်မှုသင်တန်းများ ဦးဆောင်ဖွင့်လှစ်နေသူလည်းဖြစ်ကြောင်း သိရသည်။
ကိုဆန်းလင်းစိုးအား ပစ်သတ်သွားသည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပက်သက်ပြီး တစ်စုံတစ်ရာ မသိရှိရသေးပါ။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း မိုးညှင်းမြို့၊ နန်းမားကျေးရွာတွင် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသည့် ညီအစ်ကိုနှစ်ဦး လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။