စစ်ကိုင်း – ကချင် ကားလမ်းပိတ်နေ၍ ကုန်ဈေးနှုန်းများ မြှင့်တက်လာ
20 November 2023 – Kachinwaves
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် နန့်စီးအောင်ဂိတ် ပိတ်ပင်ထားသည့်အတွက် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနားမြို့နယ်တို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ဒုတိယအပတ်၊ နိုဝင်ဘာ ၁၆ ရက်နေ့ နံနက်ကစပြီး မြစ်ကြီးနား – မန္တလေး ပြည်ထောင်စုလမ်းမကြီးကို စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် စစ်ရေးဖြစ်ပွားနေသည့် အခြေအနေကြောင့် လမ်းပိတ်နေခြင်း ဖြစ်သည်။
လမ်းကြောများ ပိတ်နေသည့်အတွက် ကချင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၏ အနိမ့်ဆုံးဈေးမှာ ကြက်ဥတစ်လုံးလျှင် ငွေကျပ်ငါးရာမှ ရှစ်ရာ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် တစ်သောင်းမှ တစ်သောင်းနှစ်ထောင်၊ ကြက်သွန်နီတစ်ပိဿာလျှင် ငါးထောင်ဝန်းကျင်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် နှစ်သောင်းနီးပါး စသဖြင့် မြှင့်တက်သွားကြောင်း သိရှိရသည်။
ထို့အပြင် မြို့ကြီးများရှိ ဆီဆိုင်အချို့တွင် စက်သုံးဆီလည်း ပြတ်လပ်နေပြီး ဓာတ်ဆီတစ်ဂါလံလျှင် နှစ်သောင်းဝန်းကျင်အထိ ဈေးပေးဝယ်နေရကြောင်း သိရသည်။
မြစ်ကြီးနား – မန္တလေးလမ်းကြော ပြန်လည်သွားလာနိုင်မည့်အချိန်ကိုမူ မသိရှိရသည့်အပြင် ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းက နန့်စီးအောင်ဂိတ်အောက်ဘက်ရှိ နဘားကျေးရွာလမ်းဆုံအနီး၊ ပြည်ထောင်စု လမ်းမကြီးတစ်ကြောကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။