ဝရှိသော်လည်း ဝိမလုပ်နိုင်သော စစ်တပ်ဖြစ်နေပြီလား
Opinion – 10 September 2023 – Kachinwaves
မြန်မာနိုင်ငံတွင် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်” လက်မှတ် ရေးထိုးခဲ့သည့် အဖွဲ့နှင့် ၎င်းစာချုပ်ကို လက်မှတ် မထိုးခဲ့သည့် အဖွဲ့များပေါင်းလျှင် စစ်အာဏာသိမ်းမှု မတိုင်မီကတည်းက လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းပေါင်း (၁၈) ဖွဲ့ရှိနေသည်။ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလ အတွင်း မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းပေါင်း ၂၉၃ ရင်းကို စုဖွဲ့နိုင်ခဲ့ပြီး နောက်ထပ် ၆၈ ရင်းကိုလည်း စိစစ်နေဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီတပ်၏ စစ်အင်အားသည် အာဏာ မသိမ်းမီကတည်းက လျော့နည်းလာခဲ့ရာ ယခင်က လေးသိန်းကျော်ထိရှိမည်ဟု ခန်းမှန်းခံခဲ့ရသော စစ်တပ် ၏ လက်ရှိ တိုက်ခိုက်ရေးစစ်သည်အင်အားမှာ ခုနှစ်သောင်းခန့်သာ ရှိနိုင်တော့ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်သူများက ပြန်လည်သုံးသပ်လာကြသည်။
လက်တွေ့မြေပြင်တွင်လည်း စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် လေကြောင်းအားကိုးဖြင့် စစ်ဆင်ရေး တိုက်ပွဲများ ဖော်ဆောင်နေသော်လည်း ၎င်းတို့၏ သိက္ခာဆယ်နိုင်လောက်သော ရလဒ်များကို ဖော်ဆောင် နိုင် ခြင်း မရှိဘဲ၊ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဖျက်ဆီးမှုများကြောင့် နာမည်ဆိုး ဖြင့်သာ ကျော်ကြားနေရသည်။
စစ်ကောင်စီတပ်၏ အခြေအနေ ယခုလို ရုပ်ပျက်ဆင်းပျက် ဆုတ်ယုတ်လာရခြင်းမှာ တစ်နိုင်ငံလုံးနေရာအနှံ့ တွင် စစ်မျက်နှာဖွင့် တိုက်ခိုက်နေရပြီး၊ ယခင်လို လက်နက်ကိုင် အချင်းချင်းသာ တိုက်ခိုက်နေရခြင်းမျိုး မဟုတ်ဘဲ ပြည်သူထူထုကိုယ်တိုင် ၎င်းတို့ကို ရွံရှာမုန်းတီးသွားသောကြောင့် ဖြစ်သည်။
ယခင်က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့်သာ အဓိက ရင်ဆိုင်တိုက်ခိုက် နေခဲ့ရ သည်။ ထိုသို့ ရင်ဆိုင်တိုက်ခိုက်မှုများမှာလည်း တစ်ဖွဲ့ကို တိုက်ခိုက်နေသည့်အချိန် အခြားအဖွဲ့များနှင့် တိုက်ခိုက်မှုများ ရပ်တန့်ထားခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် တစ်ပြိုင်တည်း စစ်ရေး ရင်ဆိုင်ခဲ့ရသည်မှာ မရှိသလောက် ရှားပါးခဲ့သည်။
ထို့ကြောင့်လည်း စစ်တပ်က စစ်သည်အင်းအား အမြောက်အများကို စတေးခံပြီး လက်နက်အင်အား အားကိုး ဖြင့် တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အခါ တိုင်းရင်းသား အဖွဲ့များက လနှင့်ချီရင်ဆိုင် ခုခံတော်လှန်နိုင်ရန် ခဲခက်သဖြင့် အရေးကြီးသည့် စစ်စခန်းများကို လက်လွတ် ဆုံးရှုံးခဲ့ရသည့် သာဓကများ ရှိခဲ့သည်။
ကချင် လွတ်လပ်ရေးတပ် (KIA) သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် လိုင်ဇာနယ်မြေ လုံခြုံရေးအတွက် အချက်အခြာကျသည့် ရှေ့တန်း စစ်စခန်းအချို့ကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ၎င်းတိုက်ပွဲများတွင် စစ်တပ်က ကြည်းတပ်အင်းအား အလုံးအရင်းဖြင့် ထိုးစစ်ဆင်းသလို လက်နက်ကြီးနှင့် တိုက်လေယာဉ်များဖြင့်လည်း လနှင့်ချီ ကြီးမား ပြင်းထန်သည့် ထိုးစစ်ဆင်းတိုက်ပွဲများ ပြုလုပ်ခဲ့သည်။
ဥပမာအဖြစ် ပြရမည်ဆိုလျှင် ၂၀၁၆ ခုနှစ်တွင် KIA ၏ ဂီးဒွန်စစ်စခန်းအား လနှင့်ချီ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ စဉ်က စစ်တပ်သည် ဂျက်တိုက်လေယာဉ် ၄ စင်းဖြင့် တစ်ပြိုင်တည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ယခုအချိန်မှာလည်း စစ်ကောင်စီတပ်က လိုင်ဇာနယ်မြေ ဒေသဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင် တိုက်ခိုက် နေသည်မှာ နှစ်လကျော်လာပြီ ဖြစ်သည်။ ယမန်နေ့ညအထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရဆဲ ဖြစ်ပြီး၊ မြစ်ကြီးနား – ဗန်းမော် ကားလမ်းတစ်လျှောက်တွင်လည်း KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။
သို့သော် စစ်ကောင်စီတပ်သည် လက်ရှိကာလ၌ တိုက်ခိုက်ရေးအင်အားများ ဆုတ်ယုတ်နေပြီး ပြည်သူ့စစ် များဖြင့် အားဖြည့်နေရသည့်သတင်းများလည်း ထွက်ပေါ်လာသည်။ အခြားတစ်ဖက်မှာလည်း နိုင်ငံရေး၊ စီပွားရေး ကမောက်ကမ ဖြစ်ရပ်များကြောင့် စစ်ကောင်စီခေါင်းခဲနေရသည့်အချိန် ဖြစ်သည်။
စစ်ကောင်စီတပ် အင်အားဆုတ်ယုတ်သွားသည်မှာ မှန်ကန်သော်လည်း လက်နက်အင်အားသည် တော်လှန်ရေး အဖွဲ့များထက် သာလွန်နေဆဲ ဖြစ်ပါသည်။ သို့သော်လည်း နယ်မြေများကို စိုးမိုးထိန်းချုပ် နိုင်ရန်အတွက်ဆိုလျှင် စစ်သည်အင်အားက အရေးကြီးသည့်အတွက် လက်ရှိအနေအထားအရ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးအင်အားအတွက် အခက်တွေ့နေသည်ဟု USIP တွင် ဧည့်သုတေသီအဖြစ် လုပ်ကိုင်နေသည့် မြန်မာ့ စစ်ရေး၊ နိုင်ငံရေး အကဲခတ်သူ ကိုရဲမျိုးဟိန်းက သုံးသပ်ထားသည်ကို တွေ့ရသည်။
“တကယ့်တကယ် ဆိုရင်တော့ ဒီလက်နက်တွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ လူအင်အား ဘယ်လောက် ပဲ များများ၊ တပ်က စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြိုနေရင် ဒီတပ်အနေနဲ့ သေသေချာချာ ထိထိရောက်ရောက် ထိ ရောက်ထက်မြက် စွမ်းရည်ထက်မြက်တဲ့ တပ်ဖြစ်ဖို့က အတော်လေး ခက်တယ်။”ဟု ဩဂုတ်လ ၁၉ ရက်နေ့ တွင် ထုတ်လွှင့်ခဲ့သည့် ဘီဘီစီသတင်းဌာန၏ တစ်ပတ်အတွင်း သတင်းမြင်ကွင်း ဆွေးနွေးခန်း၌ ဆွေးနွေးခဲ့ သည်ကို တွေ့ရပါသည်။
ပြောရလျှင် လက်ရှိ စစ်ကောင်စီတပ်သည် လက်နက်အင်အား သာလွန်နေဆဲဖြစ်သော်လည်း အဓိကကျ သည့် စစ်သည်တိုက်ခိုက်ရေးအင်အား လျော့နည်းနေပြီး၊ ပြည်သူလူထု၏ ထောက်ခံပူးပေါင်းမှုလည်း ကင်းမဲ့နေသည့်အတွက် ဝရှိသော်လည်း ဝီမလုပ်နိုင်သည့် အနေအထား ဖြစ်နေရသည်။