ကျောက်ကြီး တိုက်ပွဲတွင် PDF က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည့်အပြင် စစ်ကောင်စီစစ်သား ၅ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
2 September 2023 – Kachinwaves
ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို ယမန်နေ့က မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးပြီး ခြောက်ဦးခန့် ဒဏ်ရာရရှိ သည်ဟု မြို့လှ KPDF တပ်ဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ကျောက်ကြီးကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၇) အဖွဲ့ နှင့် ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့ ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“(ကျောက်ကြီး)ရွာကို မပစ်ဘူး။ PDF တွေ ဆုတ်လမ်းကိုပစ်တာ။ စာသင်ကျောင်းမှာ စစ်တပ်ထိုင်တယ်။ ရဲစခန်းမှာ ရဲထိုင်တယ်။ စာသင်ကျောင်းကို အရင်ပစ်ပြီးမှ ရဲစခန်းကိုပစ်တယ်။”ဟု ပြောသည်။
ထို့အပြင် ယမန်နေ့ညနေ ၄ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ အင်းဒရန့်ကျေးရွာမှ ရွှေကူ ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် သံခွန်မော်တော်တစ်စင်းကို မိုးတားပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသင်္ဘောပေါ်မှလည်း ပြန်လှန်ပစ်ခတ်ခဲ့ ကြောင်း မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ) တစ်ဦးက ပြောသည်။