လေးရက်အတွင်း နမ့်ဖတ်ကာရွာတွင် လက်နက်ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၈ ဦးထိရှိလာ
1 September 2023 – Kachinwaves
ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားပြည်သူ ၃ ဦး ထိခိုက်
ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။
ဒဏ်ရာရပြည်သူ ၃ ဦးကို ကွတ်ခိုင် ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲ ခဲ့သည်ဟု ဆိုသည်။
“တိုက်ပွဲ မဖြစ်ဘဲနဲ့ ပစ်တာ၊ နမ့်ဖတ်ကာမှာ အိမ်ထဲကျရောက်တာရယ်၊ ထိခိုက်ဒဏ်ရာရတာနဲ့ သေတာ ဆယ်ယောက်လောက်ရှိလာပြီ။”ဟု ကွတ်ခိုင်ဒေသခံက ပြောသည်။
နမ့်ဖတ်ကာကျေးရွာမှာပဲ ယခုတစ်ပတ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကျရောက် ပေါက်ကွဲမှု (၃) ကြိမ်ထက်မနည်းရှိခဲ့ပြီး ယနေ့ဖြစ်စဉ်အပါအဝင် သေဆုံးသူ ၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးထိရှိနေပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များအရ သိရသည်။
နမ့်ဖတ်ကာကျေးရွာတွင် ဩဂုတ်လ ၂၉ ရက်နေ့က တစ်ကြိမ် နေအိမ်တစ်အိမ်ထဲ လက်နက်ကျရောက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဩဂုတ်လ ၃၀ ရက်နေ့ကလည်း တစ်ကြိမ် ကျေးရွာအတွင်း လက်နက်ကျရောက် ပေါက်ကွဲခဲ့ရာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။