နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်း ရေကြီးနေ၍ မိုးကောင်းမြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်နေ
9 August 2023 – Kachinwaves
မိုးကြီးသည့်အတွက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေသည် ယနေ့နံနက်ကစပြီး ရေမျက်နှာပြင် ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ကျော်လွန်ပြီဖြစ်၍ မြေနိမ့် ပိုင်းရပ်ကွက်များနှင့် ချောင်းအနီးနေထိုင်သည့် ပြည်သူများ အထူးသတိထားရန် လိုအပ်ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၉ ရက်နေ့ နံနက်ကစပြီး ချောင်းနှစ်ခုလုံး စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ ကျော်လွန်သည် အထိ ရေမျက်နှာပြင် မြင့်တက်လာခြင်းဖြစ်ကြောင်း မိုးကောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ချောင်းနှစ်ချောင်းဆုံပြီး ရေတက်နေတာ။ နှစ်တိုင်းတော့ကြီးတယ်။ အခုနှစ်က စိုးရိမ်စရာပါ။ ခုရေက စံချိန် တင်။ အခုနှစ်ကြီးတဲ့စံချိန်။ ကျပြီးပြန်တက်တာ”ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့ကလည်း နန့်ရင်းချောင်းရေသည် စိုးရိမ်ရေမှတ် ကျော်လွန်သည်အထိ ရေမျက်နှာပြင် မြင့်တက်ခဲ့သေးကြောင်း သိရသည်။
နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မိုးကောင်းမြို့၏ မိုးရေချိန်မှာ ၄. ၈၄ လက်မရှိပြီး ချောင်းနှစ်ချောင်းသည် စိုးရိမ်ရေမှတ် ကျော်လွန်နိုင်သည့်အတွက် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ချောင်းအနီးနေထိုင်သည့် ပြည်သူများ အထူးသတိထားပါရန် သတိပေးချက် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး ချောင်းရေလျှံမှု ဖြစ်ပွားသည့်အတွက် မိုးကောင်းမြို့ မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်၊ နန့်ရင်း၊ အိုးတန်းရပ်ကွက် မြေနိမ့် ပိုင်းနေရာများတွင် ရေဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။
ရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါ ဖြစ်ပွားသူများလည်းရှိလာသည့်အပြင် ဩဂုတ်လ ၅ ရက်နေ့က လည်း အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ မတော်တဆ ရေနစ်သေဆုံးမှုလည်း ဖြစ်ပွားခဲ့ကြောင်း မိုးကောင်းမြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
မိုးကောင်းမြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်မှာ ၁၀ ရက်ကျော်ကြာမြင့်ပြီဖြစ်ပြီး လွန်ခဲ့သည့်ရက်ပိုင်း ကလည်း နန့်ရင်းချောင်း ကမ်းပါးထိန်းနံရံ နိမ့်ကျနေသည့်အတွက် သဲအိတ်များဖြင့် ယာယီရေထိန်းနံရံပြု လုပ်ခဲ့ရကြောင်းလည်း သိရသည်။