စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လျှပ်စစ်ပို့လွှတ်သည့်ကြိုး ပျက်စီးသွား၍ မြစ်ကြီးနားမြို့တွင် မီးပုံမှန်လာတော့မည် မဟုတ်
4 August 2023 – Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓါတ်အား ပို့လွှတ်နေသည့် ဓါတ်အားလိုင်း ဖြစ်သည့် ဝိုင်းမော်မြို့နယ် မလိလျှပ်စစ်ရုံသည် ယနေ့ စစ်ကောင်စီတပ် လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
၎င်းလျှပ်စစ်ရုံထိခိုက်ပျက်စီးသွားသည့်အတွက် လျှပ်စစ်မီးပုံမှန် မလာတော့ကြောင်း ဒေသခံများက ဆိုသည်။
KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ယနေ့ စစ်ကောင်စီက လေယာဥ်ဖြင့် လာပစ်ချိန် မီးကြိုးများပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်ရန်လည်း တိုက်ပွဲပြင်းထန်နေသည့်အတွက် ခက်ခဲမှုဖြစ်နေကြောင်း ပြောသည်။
လက်ရှိအချိန် ချီဖွေမှထွက်သည့် လျှပ်စစ်အားကိုသာ မျှသုံးနေရသဖြင့် မြစ်ကြီးနားတွင် လျှပ်စစ်မီးပုံမှန် မပေးနိုင်ခြင်းဖြစ်ကြောင်းလည်း ပြောသည်။
မြစ်ကြီးနား ဒေသခံတစ်ဦးကလည်း ပုံမှန်လာနေသည့်မီးသည် ယနေ့ညနေ ၄ နာရီခန့်မှ ပြတ်သွားသည်ဟု ဆိုသည်။
ဘူဂါးလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းမှလည်း လျှပ်စစ်ဓါတ်အားလိုင်း ကြိုးပြတ်သွားသည့်အတွက် ၄ နာရီခြားပြီး မီးပေးတော့မည်ဖြစ်ကြောင်း ဆိုသည်။
၂၀၁၂ ခုနှစ်တွင်လည်း စစ်တပ်၏ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် မလိဓါတ်အားပေးလိုင်းကြိုး ပျက်စီးမှုတစ်ကြိမ် ရှိခဲ့ကြောင်း သိရသည်။
===
The Kachin Net