ကလေးသူငယ် ၄ဦးအပါအဝင် အရပ်သား ၉၂ဦးကို စစ်ကောင်စီတပ်စခန်းအတွင်း ဖမ်းဆီးထား
13 May 2022 – Kachinwaves
ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်နှင့် BGF-၁၀၁၄ ပူးပေါင်းစခန်းတွင် အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးအပါအဝင် အရပ်သားပြည်သူ (၉၂)ဦးကို ဖမ်းဆီးထားသည်ဟု KNU က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများမှာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းမှ (၇၀) ဦးနှင့် ဘီးလင်းမြို့နယ်မှ (၂၂)ဦး ဖြစ်
ကာ အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးပါဝင်ကြောင်းဖော်ပြထားသည်။
၎င်းစစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့သည် လေးကေစခန်းသို့ စစ်ကူလာရာ လမ်းတစ်လျှောက်တွင် တွေ့မိသည့် ပြည်သူများကို ဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။
စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များသည် ၎င်းတို့၏ လုံခြုံရေးအတွက် ပြည်သူလူထုကို အကာအကွယ်ယူပြီး စစ်ရေးအရ အသုံးချနေခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များသည် ၎င်းတို့ တပ်စခန်းရှိသည့် လေးကေကျေးရွာနှင့် ဝင်းတာပန်ကျေးရွာအတွင်းရှိ လူနေအိမ်များ၊ ဈေးဆိုင်များမှ စားသောက်ကုန်များနှင့် အခြားပစ္စည်းများကို ခိုးယူမှုများရှိနေသည်ဟုလည်း ဆိုသည်။
မေလ (၈) ရက်နေ့တွင် နယ်မြေခံ KNDO ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ-BGF ပူးပေါင်းတပ်တို့ လေးကေကျေးရွာအနီး၌ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့်BGF ဘက်မှ (၄) ဦးသေ၊ (၁) ဦးဒဏ်ရာရကာ KNDO ပူးပေါင်းတပ်မှ (၁) ဦးဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။
ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီ-BGFတပ်ဖွဲ့များနှင့် ကေအဲန်ယူ တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေမှုများကြောင့် ဒေသခံပြည်သူ(၁၀,၀၀၀) ကျော် နေအိမ်များကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြသည်