မြေရှားသတ္တု တူးဖော်ရန် ကန့်ကွက်သူအား ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး
12 April 2022-Kachinwaves
ချီဖွေမြို့နယ် ချမ်းမော်ခုန်းဒေသ ထွန်းရှိန်ကျေးရွာအတွင်း မြေရှားသတ္တု(Rare Earth) ရှာဖွေမှု ကန့်ကွက်သူကို ဧပြီလ ၁၁ရက်နေ့ နံနက် ၉နာရီခန့်တွင် ဦးဇခုန်းတိန့်ယိန်း၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၆)ဦးခန့်က လာရောက်ဖမ်းဆီးခဲ့ပြီး လဂွေကျေးရွာ ပြည်သူ့စစ်စခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။
“အခု ပြဿနာဖြစ်နေတာက မြေရှား ရှာဖွေ စမ်းသပ်တဲ့အဖွဲ့နဲ့ ကန့်သတ်တဲ့အဖွဲ့နှစ်ဖွဲ့ဖြစ်နေကြတာ၊ ဖမ်းတဲ့အဖွဲ့က သူတို့ရှာဖွေမယ့်အဖွဲ့ ဖမ်းတယ်ဆိုတော့ သူတို့ အဲ့ကိစ္စအတွက်ကြောင့်ပဲဟုတ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထွန်းရှိန်နှင့် နုဇွန်ဘော် ကျေးရွာအတွင်း မြေရှားသတ္တု ရှာဖွေလေ့လာစမ်းသပ်တူးဖော် ထုတ်လုပ်လျှင် ဒေသအတွင်း မြေယာ၊ သောက်သုံးရေများ ဆုံးရှုံးသွားမည်ဖြစ်သည့်အတွက် ကန့်ကွက်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရှာဖွေစမ်းသပ်လို့ တွေ့တယ်ဆိုရင်တော့ တူးဖော်ရမယ်။ တူးဖော်ရင်တော့ ကျွန်တော်တို့ ဒေသခံတွေ မြေယာတွေ ရွာသောက်သုံးရေတွ စားကျက်မြေတွေ ရွှေ့ပြောင်း တောင်ယာတွေ ဆုံးရှုံးရမှာ အဲ့ဒါကြောင့် ကန့်ကွက်နေကြတာ”ဟု ပြောသည်။
မြေရှားသတ္တုတူးဖော်နေသော ချီဖွေမြို့နယ် ပန်ဝါဒေသက ဒေသခံများ သောက်သုံးကြသည့်ရေကို ဓာတ်ခွဲစစ်ဆေးကြည့်ရာ ၎င်းသောက်သုံးရေသည် အဆိပ်သင့်နေကြောင်း အဖြေထွက်သည်ဟု သုသေတနေလုပ်ခဲ့သည့် ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူသည် ကျေးရွာအုပ်စုအတွင်း မြေရှားတူးဖော်ရေးကို အလိုမရှိ ကန့်ကွက်ရာတွင် ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
ထွန်းရှိန်၊ နုဇွန်ဘော်ကျေးရွာတွင် မြေရှားသတ္တုရှာ ရှာဖွေစမ်းသပ်လိုသူများရှိနေကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်နေသည့် ဒေသတစ်ခုမှာ အာဏာသိမ်းစစ်တပ်နှင့် ၄င်း၏ လက်အောက်ခံ တပ်ဖွဲ့လည်းဖြစ်၊ အကျိုးတူစီးပွားဖက်များလည်းဖြစ်သည့် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များက ကြီးစိုးနေသော ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်အထူးဒေသ (၁) နယ်မြေဖြစ်သည်။
တရုတ်နိုင်ငံတွင်း တရားမဝင် မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းခွင်များကို စည်းကမ်းတင်းကြပ်လိုက်သော ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ မြေရှားသတ္တု ထုတ်လုပ်နိုင်မှု ပမာဏမှာ ၂၀၁၆ – ၂၀၁၉ ခုနှစ်အတွင်း တူးဖော်ထုတ်လုပ်မှုသည် ၂၀၁၁ – ၂၀၁၅ ခုနှစ်အတွင်း ထုတ်လုပ်မှုထက် (၈၈)ဆခန့် ပိုများလာခဲ့သည်။
USGS ၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်တွင် တကမ္ဘာလုံး၏မြေရှားထွက်ရှိမှု ပမာဏမှာ တန်ချိန် ၂၄၀,၀၀၀ ရှိခဲ့သည်။ ပထမအများဆုံးဖြစ်သည့် တရုတ်မှထွက်ရှိသည့်တန်ချိန်မှာ ၁၄၀,၀၀၀၊ ဒုတိယအများဆုံးဖြစ်သည့် အမေရိကန်တွင် တန်ချိန် ၃၈,၀၀၀ နှင့် တတိယအများဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် တန်ချိန် ၃၀,၀၀၀ ထွက်ရှိခဲ့ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။