မြစ်ကြီးနားမြို့ရှိ ရင်စိန်ဆေးရုံက သူနာပြုဆရာ၊ ဆရာမများတောင်းဆိုသည့် အလုပ်ချိန်လျှော့ပေါ့ပေးရေး အလုပ်ရှင်ဘက်က လက်မခံ
1 March 2022 – Kachinwaves
မြစ်ကြီးနားမြို့ရှိ ရင်စိန်ပုဂ္ဂလိက ဆေးရုံက သူနာပြုများမှ အလုပ်ချိန်လျှော့ပေါ့ပေးရန် အသနားခံစာ တင်ပြတောင်းဆိုသော်လည်း အလုပ်ရှင်ဘက်က လိုက်လျောပေးခြင်း မရှိကြောင်း သူနာပြုတစ်ဦးက ပြောသည်။
ယခင်က အလုပ်ချိန် တစ်လနာရီပေါင်း ၂၄၀ နာရီ (တစ်ရက်ရှစ်နာရီ)သတ်မှတ်ထားရာ နောက်ပိုင်းတွင် တစ်လအလုပ်ချိန်နာရီပေါင်း ၃၀၀ သို့ တိုးမြှင့် သတ်မှတ်လာသည့်အတွက် နာရီပေါင်း ၂၆၄ အဖြစ်လျှော့ပေါ့ သတ်မှတ်ပေးရန် တောင်းဆိုညှိနှိုင်းသော်လည်း အလုပ်ရှင်ဘက်က လိုက်လျောပေးမှု မရှိကြောင်း ၎င်းသူနာပြုဆရာမ ကဆိုသည်။
“အဓိကက ကျွန်မတို့ အလုပ်မထွက်ချင်လို့ပေါ့ ကိုယ့်ရဲ့အကြီးတွေနဲ့ ညှိနှိုင်းတာ အဆင်မပြေဘူး။ ကျွန်မတို့ဘက်ကနေ အောက်ကျို့ပြီး အသနားခံစာတင်တာပေါ့၊ ကျွန်မတို့အရင်ညှိနှိုင်းကြမယ်ပေါ့ သူတို့က တခြားနည်းနဲ့ ညှိနှိုင်းလို့မရရင် အသနားခံစာတင်ပြီးမှ ညှိနှိုင်းမယ်ပေါ့ အဲ့လို ဆုံးဖြတ်ပြီးမှ လုပ်လိုက်ကြတာ”ဟု ပြောသည်။
သူနာပြုများ၏ ညှိနှိုင်းမှုကို လက်မခံဘဲ အလုပ်ရှင်ဘက်က ညွှန်ကြားချက်အတိုင်း လုပ်နိုင်သူများလာလုပ်နိုင်ပြီး ၎င်းတို့အနေဖြင့် အလုပ်ထုတ်ခြင်း မဟုတ်ကြောင်း ပြောသည်ဟု သူနာပြုတစ်ဦးက ပြောသည်။
“သူတို့ပြောတဲ့အတိုင်းလုပ်ချင်သေးတဲ့ လူရှိလို့ရှိရင်လာလုပ်ပေါ့ သူတို့ထုတ်တာ မဟုတ်ဘူးပေါ့။ အခုလိုမျိုး ဆန္ဒပြလို့လည်းမရဘူး၊ အစိုးရမဟုတ်ဘူးပေါ့၊ ပုဂ္ဂလိကပေါ့၊ သူတို့ ပြောချင်တဲ့ အဓိပ္ပာယ်နဲ့ ပြောပြီးမှ လူသစ်တွေကို ခေါ်လိုက်တာပေါ့။”ဟု ပြောသည်။
ရင်စိန်ဆေးရုံ၏ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ယခုကိစ္စသည် ဆေးရုံတွင်း လုပ်ငန်းလည်ပတ်မှုနှင့် ပတ်သက်သည့် အရေးကိစ္စသာဖြစ်သည့်အတွက် အခြားဖြေကြားစရာ မရှိကြောင်း ပြောပါသည်။
ရင်စိန်ဆေးရုံသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့သည့် ပုဂ္ဂလိကဆေးရုံဖြစ်ပြီး သူနာပြုဆရာ၊ ဆရာမ ၅၅ဦး ခန့်ထားခဲ့ကြောင်း သိရသည်။