ခွင့်ပြုချက်မရှိတဲ့မြေကွက်တွေ ဥပဒေအရ အရေးယူမှုတွေ ရှိလာမည်ဖြစ်ကြောင်း လယ်ဆယ်ဝန်ကြီးပြော
ခွင့်ပြုချက်မရှိပဲ လုပ်ထားသည့်မြေကွက်များကို သွားဝယ်မိသည်ဆိုလျှင် ဝယ်သူနှင့် ရောင်းသူ ရှင်းရမည်ဖြစ်ပြီး အစိုးရအဖွဲ့က သက်ရှိဥပဒေအရ အရေးယူမှုများ ရှိလာမည်ဖြစ်ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။
မြေအကွက်ရိုက်မည်ဆိုလျှင် အစိုးရအား လုပ်ထုံးလုပ်နည်းနှင့် အညီတင်ပြပြီး ခွင့်ပြုချက်ရမှသာ ထိုမြေကွက်သည် တရားဝင်ဖြစ်နိုင်ကြောင်း ဝန်ကြီးဦးကျော်ကျော်ဝင်းက ပြောသည်။ “တကယ်လို့ပေါ့ ဒီအိမ်ရာတွေ မိသားစုဝင်တွေတိုးလာတဲ့အတွက် ဒါတွေဖွင့်ဖို့ အမှန်တကယ်လိုအပ်တယ် မြေအနေနဲ့လည်း စိုက်ပျိုးရေးလုပ်လို့ ဘယ်လိုမှ အဆင်မပြေတဲ့ မြေကွက်မျိုးဖြစ်တယ်ဆိုရင် တရားဝင်အစိုးရအဖွဲ့ကို တင်ခဲ့ဖို့လိုတယ်လေ တင်ခဲ့ပြီးရင် အဲ့အပေါ်မှာ အားလုံးစိစစ်ပြီးတော့ အမှန်တကယ်ဆောင်ရွက်ပေးပြီးတော့မှ သင့်တယ်ပေါ့နော် အမှန်တကယ်အကွက်အနေနဲ့ ဖွင့်ပေးသင့်တယ်လို့ အစိုးရဆုံးဖြတ်ချက်ချပြီဆိုရင် အစိုးရစီမံခန့်ခွဲမှုနဲ့ သွားရမဲ့ကိစ္စလေ”ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
တရားဝင် မကျသေးပဲ ဆောက်ထားသည့် အိမ်များသည် နောက်ကြာလာသည်အထိ တရားဝင် ပိုင်ဆိုင်မှုတွင်ရရှိမည် မဟုတ်သည့်အတွက် အိမ်ခြံဝယ်သူများ သတိပြုဖို့လိုကြောင်းလည်း ဆိုသည်။
“ကျူးဆိုတဲ့ဟာ တရားဝင်မကျသေးပဲနဲ့ ဆောက်ထားတဲ့အိမ်တွေ ဝန်းတွေ အကုန်လုံးဟာကျူးပဲလေ။ ကျူးဆိုလို့ရှိရင် ကျူးဆိုတဲ့နေရာသည် ဘယ်လိုပဲဆောက်ထားပါစေ သူဟာက တရားဝင် သူမရနိုင်ဘူးနော်။ ဂရန်တွေဘာတွေလုံးဝမရနိုင်ဘူး။ ဘာလို့ဆိုရင် ဒါခွင့်ပြုချက်မရထားတဲ့မြေတွေဖြစ်တဲ့အတွက် နောက်မှာပေါ့ ရေရှည်မှာပေါ့နော် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုလည်း ခိုင်မာမှုမရှိနိုင်ဘူး။ အဲ့ဒါတွေကတော့ မြေဝယ်တဲ့လူတွေကတော့ အိမ်ဆောက်တဲ့သူတွေကတော့ သတိပြုဖို့လိုတာပေါ့နော်။ အဲ့ဒါက တကယ်လို့ ဆောက်ထားတယ်ဆိုရင်လည်းပဲ ဒါကခွင့်ပြုချက်မရဘဲ ဆောက်ထားတယ်ဆိုရင် ဥပဒေလုပ်ထုံးလုပ်နည်းအရပဲသွားမှာဖြစ်တယ်”ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
မြေအကွက်ပိုင်ရှင်များအနေဖြင့် ခွင့်ပြုချက်မရရှိဘဲ မြေကွက်များကို ၎င်းတို့ စိတ်ကြိုက် အကွက်ရိုက်မည်ဆိုလျှင် နောင်အခါ မြို့ပြအတွက် ဆိုးကျိုးများဖြစ်လာနိုင်ကြောင်းလည်း ဆိုပါသည်။ အစိုးရအနေဖြင့် မြစ်ကြီးနားမြို့ရှိ အချို့မြေကွက်များကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်ကိုင်သွားရောက် စစ်ဆေးခဲ့ပြီး အချို့အကွက်ရိုက်ထားသည့် မြေကွက်များတွင် တားမြစ်နယ်မြေဆိုင်းဘုတ်များ လာစိုက်ထားသည်များလည်းရှိသည်။
“အရောင်းအဝယ်လေးဖြစ်မလားလို့လုပ်တာ အခုကိုဗစ်နဲ့ ဒါလေးပဲလုပ်တတ်တာ တခြားဟာမလုပ်တတ်ဘူးလေ အရောင်းအဝယ်လာတော့ ဒီဆိုင်းဘုတ်မြင်တော့ လန့်သွားတယ်။ လူတွေက တချို့ဆို စရံငွေတွေ ပြန်တောင်းတဲ့လူက ရှိသေးတယ် စရံကိုချထားတဲ့လူက ပြန်လာတောင်းတာ”ဟု မြေကွက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တော်တော်များများနှင့် ပလနကျေးရွာဘက် နေရာတော်တော်များများတွင် ခြံအကွက်ရိုက်ရောင်းချမှုများပြုလုပ်လျှက်ရှိသည်။
ဆက်စပ်သတင်း https://kachinwaves.com/archives/1987