နှင်းဆီပါတီကိုကျောခိုင်းလိုက်တဲ့ ကချင်လွှတ်တော်ကိုယ်စားလှယ်လောင်း
ပြည်သူတွေအတွက် အလုပ်လုပ်ပေးချင်တဲ့စိတ်နဲ့ နှင်းဆီပါတီ ကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့တဲ့ ဦးဂဲနက်စ်ရွေးကောက်ပွဲကျင်းပဖို့ တစ်လကျော်အလိုမှာပဲ ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။
ဦးဂဲနက်စ်ဟာ သူ့ဒေသမှာ လူသိများတဲ့ အသက် (၃၅) နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်ပါတယ်။ သူဟာ ကချင် ပြည်နယ်လွှတ်တော်အတွက် ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။
နှင်းဆီနီပါတီကိုတော့ ၂၀၁၈ လောက်ကတည်းက သိထားပြီး ရွေးကောက်ပွဲဝင်ဖို့ သေချာလိုက်စုံစမ်းကြည့်တော့ လူကောင်းတွေ ပါဝင်ပြီး စုဖွဲ့မှုအားကောင်းကောင်းနဲ့ ပြင်ဆင်နေတာ တွေ့ရလို့ အဲဒီပါတီကနေဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
သူဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံဖြိုးတိုးတက်းရေးပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါအပြင် ပါတီဥက္ကဌအကြောင်း တွေကိုလည်း စုံစမ်းပြီး ဝင်ခဲ့ခြင်းဖြစ်တယ်လို့သူကပြောပြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှသာ ပါတီဥက္ကဌ အကြောင်းကို သေချာသိလာခြင်းဖြစ်တယ်လို့ ဦးဂဲနက်စ်ကပြောပါတယ်။
“ငယ်ငယ်ကဖြစ်သွားတယ်ဆိုတော့ မြန်မာငွေတွေ လိမ်လည်တာတို့ ကုမ္ပဏီတို့ ကျွန်တော်မသိဘူး။ နောက်ပိုင်း ပါတီဝင်ပြီးမှ online မှ တစတစ တွေ့လာတယ်။”လို့ ဦးဂဲနက်စ်က နှင်းဆီပါတီဥက္ကဌနဲ့ ပတ်သတ်တဲ့အကြောင်း သိလာပုံကို ပြောပါတယ်။
ဦးဂဲနက်စ်ဟာ ကလေးနှစ်ယောက်ဖခင် ရှေ့နေတစ်ဦး ဖြစ်ပြီး သူ့ဒေသမှ ပြည်သူလူထုအရေးတွေ ဆောင်ရွက်နေသူ၊ လယ်ယာမြေ အရေးတွေမှာ ကူညီပေးနေသူဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ ပိုရရှိလာအောင်၊ တိုင်းရင်းသားဒေသတွေရဲ့ လယ်ယာနဲ့ပတ်သက်တဲ့ ပြသနာတွေဖြေရှင်းနိုင်အောင်နဲ့ မူးယစ်ဆေးဝါးကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် သူကအားခဲပြီး ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
နှင်းဆီပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ပါတီဥက္ကဌအကြောင်းကို အရင်က သိထားသလိုမဟုတ်တဲ့ သတင်းတွေကြားသိလာတာကြောင့် သူကသေချာရှင်းလင်းပေးဖို့ ပါတီကိုတောင်းဆိုခဲ့တယ်။ မရှင်းလင်းပေးနိုင်ရင် ပါတီနဲ့လမ်းခွဲမယ်လို့ သူဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ပါတီကသူ့ဆီ အကြောင်းပြန်စာတစ်ခုကို ပေးပို့ခဲ့ပါတယ်။ ပါတီက ထွက်ပြီး သီးသန့်ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်တယ်လို့ အကြောင်းပြန်စာ ပြန်လည်ပေးပို့လာခြင်းဖြစ်ပါတယ်။
“ကျွန်တော့် ဒေသမှာ ကျွန်တော့်ပုံရိပ်နဲ့ ကျွန်တော်ပြည်သူတွေအကျိုးတွေ ကချင်ပြည်နယ်အရေး ဆောင်ရွက်နေတဲ့ လူဖြစ်တယ်ဗျာ ဖြစ်တဲ့အချိန်ကြတော့ ကိုယ်ရပ်တည်နေတဲ့ ပါတီတစ်ခုရဲ့ image (ပုံရိပ်)နဲ့ ပတ်သတ်ပြီးတော့ ပြောကြားလာတာတွေရှိလာတာတွေကျတော့ ဖြေရှင်းဖို့က ပါတီခေါင်းဆောင်တွေရဲ့ တာဝန်လေ။ ပါတီခေါင်းဆောင်တွေ လုံလောက်အောင်လက်ခံတဲ့ အနေနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ပုံရိပ်ကို အထိမခံနိုင်ဘူးပေါ့ဗျာ။ အဲ့ဒါကြောင့် နုတ်ထွက်တာ”လို့ သူက ဆိုပါတယ်။
သူပါတီက နုတ်ထွက်ပြီး ၄ရက်အကြာမှာ ပါတီဥက္ကဌကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပါတီနဲ့လမ်းခွဲပြီး တစ်သီးပုဂ္ဂလ အနေပဲရွေးကောက်ပွဲဝင်ပြိုင်ရန် မြို့နယ်ကော်မရှင်ရုံးကို သူသွားရောက်စုံစမ်းခဲ့ပါတယ်။
“ကိုယ်စားလှယ်လောင်းကို ကန့်ကွက်တဲ့ကိစ္စတွေ နိုင်ငံရေးမှတ်ပုံတင်တွေ ပါတီကနေပြီးမှ တစ်ဖက်နဲ့တစ်ဖက် ကန့်ကွက်တဲ့ သတ်မှတ်ထားတဲ့ရက်ကလည်းကျော် လွန်သွားပြီးပေါ့။ လက်မှတ်တွေကလည်း ရိုက်နိုပ်ပြီးနေပြီပေါ့ ရိုက်နှိပ်ပြီးဖြစ်တဲ့အချိန်မှာ တစ်သီးပုဂ္ဂလအနေနဲ့လည်း သွားလို့ရမှာ မဟုတ်ဘူး။ ပါတီကနေ ပါတီက logo အနေနဲ့ပဲ ယှဉ်ပြိုင်ရမယ်”လို့ ဆိုပါတယ်။
ဒါပေမဲ့ အခြေအနေကို သေချာမသိသေးဘဲ ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ သူကဆိုပါတယ်။
၂၀၂၀ရွေးကောက်ပွဲ မျှော်လင့်ချက်ကိုမူ ဦးဂဲနက်စ်က
“ဘယ်လိုဆက်ဖြစ်မယ်ဆိုတဲ့ကိစ္စကတော့ မပြောပြတတ်သေးဘူး။ ကိုယ်စားလှယ်လောင်းအနေနဲ့တော့ ရှိသင့်တယ်လို့တော့ ယူဆတယ်ပေါ့။ တစ်သီးပုဂ္ဂလ အနေနဲ့တော့ ယှဉ်ပြိုင်သွားရမယ်။”လို့ဆိုပါတယ်။