နှင်းဆီပါတီဥက္ကဌနှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်းနှင့် ပါတီဥက္ကဌအား ပြည်ဝင်ခွင့်ရရန် ဖြေလျှော့ပေးခဲ့သူသည် သမ္မတဟောင်း ဦးသိန်းစိန်ဖြစ်ကြောင်း ဦးဇခုန်တိန့်ယိန်း ပြော
နှင်းဆီပါတီခေါ် (UDP) ပါတီဥက္ကဌ ဦးဇခုန် ဇုန်းဆောင် အမည်ရရှိနေခြင်းနှင့် နှင်းဆီပန်းလိုဂို ဖြစ်နေခြင်းအကြာင်း သိရှိထားခြင်းမရှိကြောင်း ဦးဇဇုန်တိန့်ယိန်းက ရှင်းလင်းထားသည်။
မစ္စတာဟူဟွာ (ဦးကျော်မြင့်)အား မြန်မာပြည်တွင်းသို့ ပြည်ဝင်ခွင့်ရရန် ဖြေလျှော့ပေးခဲ့သူသည် သမ္မတဟောင်း ဦးသိန်းစိန်ဖြစ်ကြောင်းလည်း ရေးသားထားသည်။
ဦးဇခုန်တိန့်ယိန်းသည် ယခင် NDA-K ကချင်လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချီဖွေ၊ ဆော့လော် ဘက်တွင် အဓိက ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရေစီပါတီသစ် (ကချင်) ၏ နာယက တဦးလည်းဖြစ်သည်။ ကချင်ပြည်နယ်၊ အထူးဒေသ (၁)၏ ခေါင်းဆောင်တဦးလည်း ဖြစ်သည်။
အဆိုပါ ရှင်းလင်းချက်အား ဦးဇခုန်တိန့်ယိန်း လက်မှတ်ထိုးထားကာ စက်တင်ဘာလ ၂၄ရက်နေ့တွင် ရှင်းလင်းရေးသားထားခြင်းဖြစ်ပါသည်။
မစ္စတာ ဟူဟွာခေါ် ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်သည် “ဝ”တပ်ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေး တည်ဆောက်ပြီးသည့်နောက် ကျိုင်းတုံမြို့ဘက်တွင် တာဝန်ထမ်းဆောင်နေချိန်တွင် ထိုအချိန်တွင် အရှေ့ပိုင်းတိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နှင့် သိကျွမ်းဆက်ဆံမှုရှိခဲ့ကြောင်းလည်း ရေးသားထားသည်။
ထို့နောက် သမ္မတ ဦးသိန်းစိန် အမေရိကန်သို့ရောက်ရှိစဉ် မစ္စတာဟူဟွာ (ခ) “o”ကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်နှင့် တွေ့ဆုံ၍ ဝရမ်းပြေးဖြစ်နေသည့် မစ္စတာဟူဟွာကို မြန်မာပြည်ပြန်လာရန် ဖြေလျှော့ ပေးခဲ့သဖြင့် မြန်မာပြည်သို့ပြန်ရောက်လာခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မစ္စတာ ဟူဟွာသည် ၁၉၇၃၊ ၁၉၇၄ ခုနှစ်မှာ ဗကပပါတီ နောက်လိုက်လူငယ်အချို့နှင့် ကချင်ဒူဝါနော်ဆိုင်း အဖွဲ့မှ ဆက်ခံသူ လူငယ်အချို့၊ ထိုစဉ်က KIA မှ ခွဲထွက်ခဲ့သည့် ဒေသခံများဖြင့်ဖွဲ့စည်းသော ကချင်တပ်ဖွဲ့ကြီး (ဗကပ ပါတီမှ ၁၀၁ စစ်ဒေသအမည်ပေးထားသည့် တပ်ဖွဲ့)အတွင်း ပါဝင်ရန် လာကြသူများအထဲတွင် ပါဝင်ခဲ့သော်လည်း ကချင်တပ်ဖွဲ့ကြီးသည် တရုတ် ဘာသာစကား ပြောတတ်သူများ မဟုတ်သဖြင့် လက်နက်ကိုင် တပ်ထဲပါဝင်နိုင်ခြင်း မရှိခဲ့ကြောင်းလည်း ဦးဇခုန်တိန့်ယိန်းကရေးသားထားသည်။
ဒီမိုကရေစီပါတီသစ်(ကချင်)၏ ဥက္ကဌဖြစ်သူ ဦးတိန့်ဆောင်ကလည်း “သူပြောတယ် အဖေကတော့ ကချင် လချိတ်ပေါ့ အမေကတော့ ကိုးကန့်ဆိုပြီးပြောတယ်။ အမှန်တကယ်တော့မဟုတ်ဘူး။ ကျွန်တော်တို့လည်း ဘာမှမပတ်သက်ဘူး။ ဆော့လော်ဘက်ကလည်း မဟုတ်ဘူး။ သူဝါးချပြီးမှပြောနေတယ်။”ဟုပြောပြသည်။
မစ္စတာ ဟူဟွာသည် ဝဒေသသို့ရောက်ရှိစဉ် ကချင်ဒူဝါနော်ဆိုင်း၏ နောက်လိုက်လည်းဖြစ် ဗကပ တပ်တွင် အမွေဆက်ခံသူ အဖြစ်ရွေးထားသည့် ဦးအင်ခွန်ဇော်မိုင်၏ သမီးကို လက်ထပ်ယူကြောင်း ကြားသိရကြောင်းလည်းစာထဲတွင် ပါရှိသည်။
နဝတ အစိုးရထောက်လှမ်းရေးမှ ဖမ်းပြီး မန္တလေး အိုးဘိုထောင်တွင် ထောင်ကျနေရာမှ ထောင်စောင့်ရဲနှစ်ဦးကို ငွေပေးပြီး ထောင်ဖောက်ထွက်ပြေး လွတ်မြောက်သွားသူ ဖြစ်ကြောင်းလည်း ရေးသားထားသည်။ ထိုမှတဆင့် ဗီယက်နမ်၊ ကနေဒါနိုင်ငံတို့တွင်နေထိုင်ပြီး မိုက်ကယ်ကျော်မြင့် ဖြစ်လာခြင်းဖြစ်ကြောင်၊ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင် နှင့် UDP ကိစ္စအရှုပ်ထုပ်ကို မသိရှိကြောင်း လက်မှတ်ထိုး ရှင်းလင်း ရေးသားထားသည်။