ရန်ကုန်မှပြန်လာပြီး quarantine မဝင်သူ ဖျားနာလာသခြင့် swab စစ်ထားသူ၏ အဖြေ ပို့မတွေ့(negative) ထွက်
ရန်ကုန်မှ မြစ်ကြီးနားသို့ ရောက်လာပြီး quarantine မဝင်သည့် အမျိုးသားတစ်ဦး ရက်ပေါင်း (၂၀) အကြာတွင် အဖျားရှိပြီး၊ ချောင်းဆိုးလာသဖြင့် စက်တင်ဘာ ၂၈ ရက်နေ့ညတွင် မြစ်ကြီးနားဆေးရုံသို့ ပို့ထားပြီး swab (တို့ဖတ်)စစ်ဆေးရာ အဖြေ Negative ဖြစ်ကြောင်း တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ဆိုသည်။
အဆိုပါအမျိုးသားသည် ရန်ကုန် လှိုင်သာယာမြို့နယ်မှ လွန်ခဲ့သည့် ရက်ပေါင်း(၂၀)ခန့်က မြစ်ကြီးနားကို ရောက်ရှိလာပြီး မြစ်ကြီးနား ကားကြီးဝင်းတွင်နေထိုင်ကာ quarantine မဝင်ပဲ အလုပ်လုပ်နေရာကနေ အဖျားရှိလာခြင်းဖြစ်ကြောင်းလည်း ဦးဘောက်နော်ကဆိုသည်။
အဆိုပါလူနာသည် နေပြည်တော်တွင် ပိုးတွေ့ခဲ့သည့် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ ရဲဝန်ထမ်းနှင့်လည်း ထိတွေ့ခဲ့သူဖြစ်ကြောင်းလည်းသိရသည်။
“ဆေးရုံက ဆရာမ ဖုန်းဆက်လာတယ်။ ပိုးမတွေ့ဘူးတဲ့။”ဟု ဦးဘောက်နော်မှ ပြောသည်။
ပြည်သူများအား သတိပေးပြီး ပူးပေါင်းပါဝင်ရန်ပြောပြီးသားဖြစ်၍ ပြည်သူများအနေဖြင့် မလိုက်နာလျှင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူရန် ထုတ်ပြန်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ ပြောသည်။
“တစ်ဦးချင်းက လိုက်နာပေးပါ ပါဝင်ကူညီပေးပါ ကျွန်တော်တို့ကို ဘာမှ လှူဒါန်းစရာမလိုဘူး။ ပေးစရာမလိုဘူး။ သို့သော်လည်းဘဲ ဒီကသတ်မှတ်ထားတဲ့ နည်းလမ်းတွေကို လိုက်နာပေးမယ်ဆိုရင် ကျွန်တော်တို့တာဝန်ရှိသူတွေလည်း အဲ့လောက်မပင်ပန်းဘူး။ ပြည်သူတွေလည်း ကူးစက်မှုမခံရဘူး။ အဲ့ကြောင့် တစ်ကြိမ် သုံးကြိမ်လုပ်မှ မရတော့ဘူးဆိုရင် ပြည်သူတွေကို ကျွန်တော်တို့က ပြစ်ဒဏ်အတိုင်း သွားရမှာ ဖြစ်ပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ ပြောသည်။
ကချင်ပြည်နယ် စက်တင်ဘာ(၂၈) နေ့ရက် ညနေ (၄) နာရီထိ ပိုးတွေ့လူနာ(၁၉)ဦးရှိပြီဖြစ်သည်။