ကချင်ပြည်နယ် အချို့မြို့များရေကြီးမှု ယနေ့ ပြန်ကျလာ
မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် ကချင်ပြည်နယ်ရှိ မြို့ အချို့တွင် ရေကြီးရေလျှံမှုများ၊တောင်ကမ်းပါးများ လမ်းတံတားများပြိုကျပျက်စီးမူနှင့် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှု များရှိခဲ့သော်လည်း ယနေ့ပြန်ကျနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဖားကန့်၊နမ္မတီး နှင့် ကန်ပိုင်တီ မြို့များတွင် ရေပြန်ကျနေပြီဖြစ်သော်လည်း ရွှေကူမြို့တွင် မိုးဆက်တိုက်ရွာသွန်းပါက ဧရာဝတီ မြစ်ရေ စိုးရိမ်ရကြောင်း ကချင်ပြည်နယ်အစိုးရမှ ၎င်းတို့ facebook စာမျက်နှာတွင် ရေးသားထားသည်။
ဖားကန့်မြို့နယ်ရေကြီးမှုကြောင့် ဥရုချောင်းတစ်လျှောက်ရှိလုံးခင်းနှင့် ဖားကန့်ဘက်တွင် ပို၍အိမ်ခြေများနှစ်မြုပ်မှုရှိခဲ့ကြောင်းနှင့် ရှေ့နှစ်များတွင် ကုမ္မဏီများ၊ အစိုးရများနှင့် ပြည်သူလူထုသုံးရပ် ပူးပေါင်းခြင်းဖြင့် တိုင်ပင်ဆွေးနွေး အစည်းအဝေးများပြုလုပ်နိုင်ပါက အောင်မြင်မည်ဖြစ်ကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးနော်လောန်က ပြောသည်။
တရုတ်နယ်စပ် ကန်ပိုင်တီမြို့တွင်မူ စီးဆင်းလျက်ရှိသော နမ့်လမ်ချောင်းမိုးများပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ကန်ပိုင်တီ နယ်စပ်စခန်းနှင့် အနီးအနားပတ်ဝန်းကျင်များမှာ ရေကြီးနေမှုနှင့် ကန်ပိုင်တီ-ဆဒုံးသွားလမ်းပေါ်တွင်လည်း မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကြောင်းသိရသည်။
“ကျွန်မအခု မြစ်ကြီးနားမှာ ရောက်နေတာ လေးငါးရက်ရှိပြီ ဒီကြားထဲမှာ မိုးလည်း ဆက်တိုက်ရွာတယ် နမ္မတီးကနေ မြစ်ကြီးနားရောက်လာတော့ ကန်ပိုင်တီ လမ်းပျက်နေတယ်လို့ ကြားတယ် ရေကြီးရေလျှံနေတယ်လို့လည်းကြားတယ် ကန်ပိုင်တီလမ်းတစ်လျှောက်ပျက်စီးနေတယ်လို့ကြားတယ်ပေါ့နော် အခုတော့ လမ်းအခြေအနေကို စုံစမ်းနေတယ် ဘယ်အချိန်တက်ရမလဲပေါ့နော် အခုလိုရေကြီးတာလည်း တစ်ခါမှ မကြားဖူးဘူး ကျွန်မနေတာ ၉နှစ်ရှိပြီး အခုလိုမကြုံဖူးဘူးပေါ့နော် ”လို့ ကန်ပိုင်တီဒေသခံတစ်ဦးကပြောသည်။
တောင်ကမ်းပါးပြိုကျသည့် နေရာအား မြို့ဌာနဆိုင်ရာနှင့် ပြည်သူများက ဘူဒိုဇာဖြင့် လမ်းပိတ်ဆို့မှုမရှိစေရန် ခရီးသွားပြည်သူများ အဆင်ပြေစေရန် ဆက်လက်ရှင်းလင်းနေကြောင်းသိရသည်။
Photo credit: Kachin State Government office (facebook page)