KIO နယ်မြေရှိ (AA)ကို နယ်မြေပြောင်းရွှေ့ခိုင်း
KIO နယ်မြေရှိ ရက္ခိုင့်တပ်မတော်(AA)ကို နယ်မြေပြောင်းရွှေ့ခိုင်းရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှတဆင့်နှုတ်ဖြင့် ပြောဆိုလာကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ရက္ခိုင့်တပ်မတော်(AA)ကို အကြမ်းဖက်အုပ်စုအဖြစ် မတ်လ (၂၃)ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာခဲ့သည်။ ထိုသို့ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။
“အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာလိုက်ပြီဆိုတော့။ တပ်မတော်က AA တွေရှိတဲ့ ကေအိုင်အေနယ်မြေတွေကိုပစ်လာရင် ပြည်သူတွေလည်း ဒုက္ခတွေရောက်မယ်ပေါ့။ ဒါကြောင့် AA တွေကို နေရာပြောင်းခိုင်းဖို့ အကြံပေးတဲ့သဘောပေါ့။”ဟု ဗိုလ်မှူးးကြီးနော်ဘူက ဆိုသည်။
ကေအိုင်အို ဌာနချုပ်လိုင်ဇာတွင် ရက္ခိုင့်တပ်မတော်(AA) သင်တန်းပေးနေရာသာ ဖြစ်ပြီး သင်တန်းသားများ AA စစ်သားအချို့ ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း စသည်တို့ကို ပြုလုပ်နေသည့်အတွက် ရက္ခိုင့်တပ်မတော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ခြင်းဖြစ်သည်ဟု အစိုးရ၏ ကြေညာချက်တွင်ပါရှိသည်။