ပိတ်မိပြည်သူများ လွတ်မြောက်လာရန် ဆန္ဒပြဦးဆောင်သူ ၃ဦးအား တပ်မတော်က တရားစွဲဆိုခြင်းမဟုတ်ပဲ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး အနေနဲ့ စွဲဆိုခြင်းသာဖြစ်ကြောင်းပြော
ပိတ်မိပြည်သူများ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူသုံးဦးကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားခြင်းသည် တပ်မတော်အနေနဲ့ စွဲဆိုထားခြင်းမဟုတ်ပဲ၊ တပ်မတော်ကို အသရေဖျက်ပြောဆိုမှုကို တပ်မတော်သားတစ်ဦးအနေနဲ့ စွဲဆိုခြင်းဖြစ်သည်ဟု တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားရုံးတွင် ထွက်ဆိုကြောင်း တရားစွဲဆိုခံရသူ ဒေါ်နန်ပူ၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ဆိုသည်။
“ဒီနေ့ထွက်ဆိုတဲ့အထဲမှာလည်း လက်ရှိတိုက်ပွဲအခြေအနေကို သူကိုယ်တိုင်ပါဝင်ခြင်း မရှိဘူး။ မြေပြင်အခြေအနေတွေကိုတော့ သူသိရှိခြင်း လုံးဝမရှိခြင်းဆိုတာကိုတော့ ကျွန်မတို့မေးတဲ့အခါမှာ ဒီလိုပြောပါတယ်။ လက်ရှိစစ်ရှောင်စခန်းတွေလည်း သူမသိဘူးပေါ့နော်။ လက်ရှိအခြေအနေကိုတော့ သူလုံးဝသိရှိခြင်း မရှိဘူး။ ဒါတွေသူမသိပါဘူးဆိုတာ၊ ဒါကတော့ ထူးခြားချက်တစ်ခုဖြစ်တယ်လို့ မြင်တယ်။”ဟု ဒေါ်ဒွဲဘူကဆိုသည်။
တပ်မတော်မှ သတင်းယူတဲ့အဖွဲ့က တင်ပြသည့်အတွက် စွဲဆိုခြင်းဖြစ်ကြောင်းကို တရားလိုဖြစ်သူက ထွက်ဆိုကြောင်းလည်း ဆိုသည်။
ယနေ့ မေလ ၂၈ရက်နေ့ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးချိန်း၌ ထိုသို့ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံထားရသူသည် ပိတ်မိပြည်သူများ လွတ်မြောက်လာရန် ဧပြီလ ၃၀ရက်နေ့မှ စတင်ပြီး ဆန္ဒထုတ်ဖော်စဉ် သတင်းစာရှင်းလင်းပွဲများတွင် ပြောဆိုခဲ့မှုများအပေါ် ဆန္ဒဖော်ထုတ်မှုဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ၃ဦးကို ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထားဗုံးကျဲခြင်းရပ်၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု ချက်ချင်းရပ်”ဟု ဆန္ဒပြစဉ် ပြောကြားခဲ့သည်ဟုဆိုကာ ဦးလွမ်းဇောင်းအား တရားစွဲဆိုခြင်းဖြစ်သည်။ နောက်တစ်ဦးဖြစ်သူ ဦးဇော်ဂျတ်ကိုမူ “တပ်မတော်က ဖားကန့် မန်ဝယ်ကျေးရွာဘက်တွင် တစ်ဖက်သတ်ထိုးစစ်ဆင်ခြင်းကြောင့် ပြည်သူများ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရကြောင်း၊ ထွက်ပြေးလာသည့်ရွာသား (၂၀၀၀)ကျော်ခန့်အား တပ်မတော်မှ ၎င်းတို့ နေထိုင်သည့်ရွာသို့ ပြန်လည်မောင်းထုတ်ပြီး ၎င်းရွာဘက်တွင် တပ်မတော်နှင့်အတူတူ နေထိုင်ခဲ့ကြောင်း၊ ညဘက်တွင် တပ်မတော်မှ အရက်မူး၍ ရွာသားများအား မထီမဲ့မြင်ပြုမူဆက်ဆံမှုရှိကြောင်း” ပြောဆိုသည့်အတွက် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်နန်ပူကိုမူ “ပိတ်မိပြည်သူများအား တားဆီးပိတ်ပင်ခြင်းသည် တပ်မတော်သာဖြစ်ကြောင်း၊ ပိတ်မိပြည်သူများအား ဖမ်းဆီးသတ်ဖြတ် စစ်ဆေးခြိမ်းခြောက်ခြင်းသည် တပ်မတော်သာ ဖြစ်ကြောင်း”ပြောဆိုခြင်းတို့ကြောင့် အသရေဖျက်မှုနှင့် တရားစွဲဆို စွပ်စွဲခံထားရခြင်းဖြစ်သည်။
နောက်ရုံးချိန်အား ဇွန်လ ၄ရက်နေ့တွင် ပြန်လည်ပြုလုပ်သွားမည်ဖြစ်ပြီး ထိုနေ့တွင် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါ်ဒွဲဘူကဆိုသည်။