ညှိနှိုင်းမှုရလဒ်အတိုင်း ပိတ်မိပြည်သူများကို ကယ်ထုတ်နိုင်ဖို့ မသေချာ
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သဘောတူညီချက်ရရှိပြီးနောက် ဖားကန့်မြို့နယ် Lai Nawng Hku (မန်ဝယ်)တွင် ပိတ်မိနေသည့် ပြည်သူများကို သွားရောက်ကယ်ထုတ်ရန် ဘာသာရေးခေါင်းဆောင်များ၊ PCG (ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့) အဖွဲ့ဝင်များသည် ယနေ့မေလ ၄ရက်နေ့တွင် ကာမိုင်းမြို့သို့ရောက်ရှိနေပြီဖြစ်သော်လည်း တပ်မတော်က ပိတ်မိနေသည့် ပြည်သူများကို ခေါ်ယူရန်ခွင့်မပြုသည့်အတွက် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း PCG အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာကဆိုသည်။
“ကာမိုင်းကိုရောက်နေပြီး ဒီညတော့ ဒီမှာအိပ်ပြီးမှ မနက်ကျမှ Lai Nawng Hku (မန်ဝယ်)ကိုသွားပြီး ခေါ်ဖို့ဟုတ်တယ်။ ဒါပယ်မဲ့ အခက်အခဲကြုံနေတာက လာတဲ့အချိန်မှာ စကခ နမ္မတီး မိုးကောင်းမှာထိုင်တဲ့ စကခမှူးကနေပြီးတော့မှ ကျွန်တော်တို့ အကြောင်းကြားလာတာ တိုင်းမှူးကနေပြီးတော့မှ ဒီပိတ်မိနေတဲ့ပြည်သူတွေကို သွားတွေ့ဖို့ ခွင့်ပြုတယ်။ သူတို့ကို စားနပ်ရိက္ခာတွေ သွားပို့ဖို့လည်းခွင့်ပြုတယ်။ ဒါပယ်မဲ့ သူတို့ကို ခေါ်လာပြီးမှ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ်ထားတာမျိုးကို လက်မခံဘူးဆိုပြီးမှ ပြောလာတာရှိတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဦးဆောင်နေတဲ့ သူတွေလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတာတွေရှိတယ်။ အကြောင်းပြန်တာမျိုးတော့ မရှိသေးဘူး။ မနက်ဖြန်မနက်မှ သူတို့ အကြောင်းပြန်လာနိုင်မယ်လို့မျှော်လင့်ပြီး စောင့်ဆိုင်းနေတာဖြစ်တယ်။ အဲကြောင့် မနက်ဖြန်မှပဲ ပြည်သူလူထုကို ကယ်ထုတ်နိုင်မလား၊ သွားနိုင်မလား၊ မသွားနိုင်ဘူးလား ဆိုတာ မနက်ဖြန်မှ သိမယ်။”ဟု ဦးလမိုင်ဂွမ်ဂျာကဆိုသည်။
ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်နိုင်ရန် ဆန္ဒပြလူငယ်ခေါင်းဆောင်များနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ မေ ၃ရက်နေ့ညတွင် တွေ့ဆုံကာဆွေးနွေးခဲ့ပြီးနောက် ယနေ့သွားခဲ့ခြင်းဖြစ်သည်။ ယနေ့ခရီးစဉ်တွင် ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများလည်း လိုက်မည်ဟု သိထားသော်လည်း ပြည်ထောင်စုဝန်ကြီးများ ရောက်လာမည်ဖြစ်သည့်အတွက် မလိုက်ဖြစ်တော့သည်ဖြစ်ကြောင်းလည်း သိရသည်။
မန်ဝယ်မှ ပြည်သူ အယောက် ၁၀၀ ကျော်အား သွားရောက်ကယ်ထုတ်ရန် ခွင့်ပြုချက်မရပါက ကာမိုင်းက ခေါက်ပြန်သွားမည်ဖြစ်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာကဆိုသည်။
“ကျွန်တော်တို့က ပြည်သူတွေကို သွားကယ်ထုတ်ဖို့ရည်ရွယ်ချက်နဲ့လာတာဟုတ်တယ်။ အားလုံး သဘောတူညီမှုနဲ့ ကျွန်တ်ာတို့လာတာ ဟုတ်တယ်။ ဒါပယ်မဲ့လည်း အကြောင်း တစ်ခုခုကြောင့် သွားကယ်ထုတ်နိုင်တာ မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ အဲကိုမသွားတော့ဘူး။ ဒီကနေပဲပြန်ခေါက်သွားမယ်။“
နယ်မြေလုံခြုံရေး အခြေအနေအရ နေရပ်စွန့်ခွာပြည်သူများသည် ပြည်နယ်အတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားပြည်သူများ ဖြစ်သည့်အတွက် လူသားချင်းစာနာသောစိတ်ဓာတ်ဖြင့် တတ်နိုင်သမျှ ကူညီထောက်ပံ့မှုများကို ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မေလ ၃ရက်တွင် ထုတ်ပြန်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည်။
ပိတ်ပိနေသည့် ပြည်သူများ လွတ်မြောက်လာနိုင်ရေးအတွက် ဆန္ဒပြနေသည့် ကချင်လူငယ်များကလည်း လိုင်နောင်ခူး (မန်ဝယ်)မှ ပြည်သူများအား ခေါ်ယူပေးမည်ဖြစ်သည့်အတွက် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်၌ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းပြီး စီတာပူရပ်ကွက် မနောင်ကွင်းသို့ပြန်လည် ပြောင်းရွှေ့ခဲ့သည်။