စစ်ကောင်စီ၏ နေဝင်ချိန် မကြာခင်ရောက်တော့မည်ဟု NUG ယာယီသမ္မတပြော
–
တစ်နှစ်အတွင်း တိုင်းစစ်ဌာနချုပ် (၂) ခု သိမ်းပိုက်နိုင်ခြင်းသည် သမိုင်းဝင်အောင်ပွဲများဖြစ်ပြီး “စစ်ကောင်စီ၏ အဆုံးသတ်နေဝင်ချိန် မကြာခင် ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်း” ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင်လက်အောက်မှ မကြာမီ လွတ်မြောက်မည်ကို ယုံကြည်ပြီး၊ မြန်မာတပြည်လုံးနှင့် ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် အတူတကွလက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ဒူဝါလရှီးလ ကဆိုသည်။
အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ်သိမ်းပိုက်ခြင်း အောင်ပွဲအတွက် ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ရက်စွဲဖြင့် ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင် လက်အောက်မှ မကြာမီ လွတ်မြောက်မည်ကို အပြည့်အ၀ ယုံကြည်ပြီး၊ မြန်မာတပြည်လုံး နှင့် ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု အဆုံးသတ်ပြုတ်ကျရေး အတူတကွလက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြု၍ ဤဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။”ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ ၂၀ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သလို၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကိုလည်း ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA (ကိုးကန့်) နှင့် TNLA (တအာန်း) အဖွဲ့တို့ ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။