ဘုတလင်မြို့နယ် သဖန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကိုလည်း ပစ်သတ်ခဲ့
–
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သဖန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို ပြည်သူတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့မှာ ဘုတလင်မြို့ကနေ အင်အား (၁၅၀) လောက်နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နဲ့ (၃) မိုင်ကွာဝေးတဲ့ တဖန်းရွာကို ဝင်ရောက်လာပြီး ညအိပ်ခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
သဖန်းရွာမှာ နှစ်ညအိပ်ခဲ့ပြီး မနေ့က နိုဝင်ဘာ ၇ ရက်နေ့ မနက် ၄ နာရီကျော်မှာ ရွာထဲကနေ ပြန်လည်ထွက်ခွာချိန် တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိရာပြီးနောက် ရွာထဲပြန်ဝင်လာကာ မနက် ၉ နာရီလောက်မှာ နေအိမ်တွေကို မီးစရှို့ခဲ့တယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
“သူတို့က ရွာထဲကအထွက် မိုင်းနင်းမိတာနဲ့ ရွာထဲပြန်ဝင်သွားပြီး မနက် ၉ နာရီလောက်မှာ မီးစရှို့ခဲ့တာ။”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိမ်ခြေ (၂၆၀) နီးပါးရှိတဲ့ သဖန်းရွာကို ၃ နာရီကျော်ကြာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ (၃၂) လုံး မီးလောင်ပျက်စီးသွားပြီး၊ အသက် (၇၀) နှစ်အရွယ် သဖန်းရွာသား ဦးစန်းလွင်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ရွာထဲကနေ ထွက်သွားပြီးနောက် ရွာသားတွေက ရွာထဲပြန်ဝင်လာပြီး မီးငြိမ်းသတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူတစ်ဦး ပျောက်ဆုံးနေတာ မနေ့ကတည်းက လိုက်ရှာတာ မတွေ့ရဘူး။ သူ့အိမ်ကလည်း မီးထဲပါသွားပြီ။ သူ့အိမ်ထဲထည့်ရှို့မယ်အထင်နဲ့ ရှာသေးတယ် မတွေ့ရဘူး။ ဒီနေ့ ၈ ရက်နေ့ မနက်အရောက်မှ ရွာအနောက်ဘက် ရေကျော်အနီးမှာ ပြည်သူအလောင်းတစ်လောင်း တွေ့တယ်ဆိုလို့ သွားကြည့်တာ သူဖြစ်နေတယ်။”လို့ ဒေသခံက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့တုန်းကလည်း သဖန်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ သဖန်းရွာအနောက်ဘက် ရေချမ်းစဉ်ဘက်သို့ တက်လာစဉ် မနက် ၁၁ နာရီကျော်လောက်မှာ တော်လှန်ရေးအင်စုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က မွန်းလွဲ ၁ နာရီလောက်မှာ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တပ်စခန်းကနေ ဟောက်ဝှစ်ဇာ လက်နက်ကြီးနဲ့ သဖန်းရွာဘက်ကို (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဒဏ်ရာရသူနဲ့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ကားနဲ့ သယ်ယူသွားတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ဘုတင်မြို့ထဲကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး ၎င်းတို့ စစ်ကြောင်းထွက်ခွာစဉ် ဖမ်းခေါ်ခဲ့တဲ့ ဒေသခံတွေကိုလည်း လွတ်လာပြီလို့ သိရပါတယ်။