ကချင်ပြည်နယ် ဝန်ကြီး ၂ ဦး လွတ်ရက်စေ့လို့ လွတ်မြောက်လာ
1 April 2024 – Kachinwaves
စစ်ကောင်စီအာဏာသိမ်းသည့်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကချင်ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် စည်ပင်ဝန်ကြီးဦးနော်လီနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့ ယနေ့ ဧပြီ ၁ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရှိရသည်။
အန္တရာယ်ဖြစ်စေနိုင်သော လူစုလူဝေးဖြစ်ပေါ်အောင်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ (၂၉)၊ စစ်တပ်ကိုအကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ စသည်တို့ဖြင့် ၂၀၂၁၊ ဧပြီ ၂၂ ရက်နေ့က ကချင်ပြည်နယ် တရားလွှတ်တော်တွင် ထောင်ဒဏ်အသီးသီးချမှတ်ခံခဲ့ရသည့် ဝန်ကြီးနှစ်ဦး လွတ်မြောက်လာသည်ဟု NLD အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အရင်ဆုံးကတော့ ဘေးစီနဲ့အရင်ဆွဲပြီး နောက်မှ အဂတိအမှုကို တပ်ကြတာပေါ့လေ။ သူတို့ကျတာက ၄ နှစ်စီကျတယ်။ ၅၀၅ ထဲက ၆ လလျှော့တော့ ၃ နှစ်ခွဲစီကျတာပေါ့။ အခုတော့ ရက်စေ့လို့ပြန်လွတ်လာပြီ။”
အဂတိအမှုများနှင့် စပ်လျဉ်းပြီး စည်ပင်ဝန်ကြီးဟောင်း ဦးနော်လီကို တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီနှင့် အကြီးစားယာဉ် ပြင်ဆင်စားရိတ် ထုတ်ယူခြင်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်ကို မြစ်ကြီးနား – ဗန်းမော်လမ်းတည်ဆောက်ရေး လုပ်ငန်းတွင် နိုင်ငံတော်ငွေကြေးနစ်နာစေမှုနှင့် ဝိုင်းမော်မြို့နယ်တွင် NLD ပါတီရုံးဆောက်လုပ်မည်ဟု အကြောင်းပြပြီး ကျောက်မျက်လုပ်ငန်းရှင်ထံမှ ငွေကြေးတောင်းခံသည်ဟု ဆိုကာ အဂတိမှုပုဒ်မများဖြင့် ထပ်တိုးတရားစွဲခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီအာဏာသိမ်းလိုက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် ဝန်ကြီးအချို့ကို ဖမ်းဆီးခဲ့သည်။ ဒေါက်တာခက်အောင် အပါအဝင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝေလင်း၊ လူမှုရေးဝန်ကြီးဟောင်း ဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ဦးဇော်ဝင်း၊ သယံဇာတနှင့် သဘာဝထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းနှင့် ယခုလွတ်မြောက်လာသည့် ဝန်ကြီး ၂ ဦးတို့မှာ ထောင်ဒဏ်များချမှတ်ခံခဲ့ရသည်။
လူမှုရေးဝန်ကြီးဟောင်း ဦးနေဝင်းနှင့် သယံဇာတနှင့် သဘာဝထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းတို့မှာ လာမည့် ဇွန်လကျမှ လွတ်ရက်စေ့မည်ဖြစ်ကြောင်း သိရှိရသည်။