ဆားမှော်မှာ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံတွေ ဖမ်းဆီးခံနေရ
31 March 2024 – Kachinwaves
ကချင်ပြည်နယ် ဆားမှော်ကျေးရွာမှာ ဒီနေ့ညနေပိုင်း ၄ နာရီဝန်းကျင်ကစပြီး စစ်တပ်က ဒေသခံတွေကို အကြောင်းမဲ့လိုက်လံ ဖမ်းဆီးချုပ်နှောင် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
”ညနေ ၃ နာရီခွဲလောက်ကတည်းက သေနတ်တွေဖောက်ပြီး ကချင်စုဘက်က လူကြီးလူငယ်အကုန် လိုက်ဖမ်းနေတာ။ အခု ICM (လွတ်လပ်သောတိုင်းရင်းခရစ်ယာန်) ဘုရားကျောင်းမှာ မနက်ဖြန် ဆုတောင်းပွဲအတွက် အလုပ်ကူနေတဲ့လူတွေ ၃၀ ကျော်လောက် ချုပ်နှောင်ခံနေရတယ်။ လောလောဆယ်တော့ ဘုရားကျောင်းဝန်းမှာပဲ။ ရွာထဲမှာလည်း လိုက်ဖမ်းနေတာ သတင်းရထားတာ ၆ ယောက်လောက် အဖမ်းခံနေရတယ်လို့ ပြောတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ကျေးရွာထဲက အခြားအမျိုးသမီးအမျိုးသားတွေလည်း ဖမ်းဆီးခံရကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ရဲ့ အိမ်စီးကား၊ ရွှေလက်ဝတ်ရတနာကိုလည်း ယူဆောင်သွားပြီး အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်တွေကိုတော့ ပါးစပ်အုပ်ပြီး အိမ်မှာချုပ်ထားခဲ့တယ်လို့ နောက်ဒေသခံတစ်ဦးက ဆိုပါတယ်။ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲဝတ်စုံဝတ်ဆင်ထားပြီး နှာခေါင်းစည်း (mask) အုပ်ထားတဲ့ လူတစ်စုဟာ ဆားမှော်ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။
ဒေသခံတွေက ယခုထက် ပိုဆိုးတဲ့ အခြေအနေ ဖြစ်လာမှာကို စိုးရိမ်နေကြောင်းပြောပြပါတယ်။