အင်းတော်မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ခံရသည်မှာ ၁ နှစ်ကျော်လာ
25 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားသည်မှာ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့မှ ယနေ့အချိန်ထိဖြစ်ပြီး ပြည်သူများ ခက်ခဲနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ATOM လိုင်းများ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၁၀ ရက်ခန့်အကြာမှာ ပြန်လည်ဖြတ်တောက်လိုက်သည်ဟု အင်းတော်မြို့ခံတစ်ဦးက ပြောသည်။
“အင်တာနက်က မရတာကြာပါပြီ၊ လွန်ခဲ့တဲ့လကတော့ သူတို့ မြို့ထဲကိုရော ရွာဘက်တွေကိုရော ပြန်ဖွင့်ခဲ့သေးတယ်၊ ခဏပါပဲ အခုတော့ပြန်ပိတ်သွားပြီ။”ဟု ဆိုသည်။
မော်လူးဒေသ တချို့နေရာများတွင်တော့ Mytel လိုင်းများ ရံဖန်ရံခါ ရနေသည်ဟု မော်လူးဒေသခံတစ်ဦးက ပြောသည်။
“မော်လူးက ကချင်ပြည်နယ်အစပ်မှာ ရှိလို့လားမသိဘူး။ Mytel လေးတော့ မိနေတယ်။ နေရာတိုင်းတော့မရဘူး၊ သူရချင်တဲ့နေရာလေးပဲ ကွက်ရနေတာ သုံးချင်တဲ့သူကတော့ အဲ့မိတဲ့နေရာမှာ သွားသွားသုံးရတာ။”ဟု ဆိုသည်။
အင်းတော်မြို့နယ်တွင် လိုင်းဖြတ်ခံထားရသည့်အတွက် အင်တာနက်ကိုအသုံးပြုပြီး လုပ်ရသည့် ငွေလွှဲငွေထုတ်ခြင်း၊ အွန်းလိုင်းမှဈေးရောင်းခြင်းနှင့် အွန်လိုင်းမှတဆင့် လေ့လာသင်ယူနေသည့် လူငယ်များအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။
အင်းတော်မြို့နယ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့် ဒေသဖြစ်နေ၍ စစ်ကောင်စီက ယနေ့အချိန်ထိ အင်တာနက် ဖြတ်တောက်ထားခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အင်းတော်မြို့နယ်တွင် ကျေးရွာပေါင်း ၁၅၉ ရွာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁ သိန်း ၂ သောင်းကျော်နေထိုင်ကြောင်း သိရသည်။