မြစ်ကြီးနားမြို့အဝင်လမ်း ၂၁ မိုင်ဂိတ်တွင် ခရီးသွားပြည်သူများကို စစ်ဆေးဖမ်းဆီးနေ၍ ကားလိုင်းအချို့ ရပ်နားနေရသည်ဟုဆို
25 March 2024 – Kachinwaves
မြစ်ကြီးနားမြို့မှ မိုးညှင်းနှင့် ဖားကန့်မြို့ သွားသည့် လမ်းမကြီးပေါ်ရှိ စစ်ကောင်စီစုပေါင်း စစ်ဆေးရေးဂိတ် ၂၁ မိုင်ဂိတ်တွင် လူဖမ်းဆီးနေသည့်အတွက် ကားလိုင်းအချို့ရပ်နားထားရပြီး ခရီးသွားလိုသူလူငယ်အချို့ အခက်အခဲကြုံနေရကြောင်း သိရှိရသည်။
လွန်ခဲ့သည့်ရက် အနည်းငယ်ကစပြီး မြစ်ကြီးနားမြို့အဝင်လမ်း မရမ်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ခရီးသည်များအား ဖမ်းဆီးနေသည့်အတွက် ကားဂိတ်အချို့ ရပ်နားထားသည်ဟု မြစ်ကြီးနားဘက်သို့ ခရီးသွားမည့် အမျိုးသားတစ်ဦးက ဆိုသည်။
“စစ်တာ။ ကားပေါ်က ဆွဲချတယ်ဆိုပဲ။ ဂိတ်ကသူငယ်ချင်းတောင် နားထားတာ။ မတက်ဖြစ်သေးဘူး၊ မင်းကြိုက်တဲ့ကာားနဲ့ လိုက်သွားလိုက်တဲ့။ အာမ မခံဘူးတဲ့။”
ယခင်က တစ်မျဉ်းစောင်း (၁/) မှတ်ပုံတင်ကိုင်ဆောင်သည့် ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများကို ဖမ်းဆီးခြင်းမရှိခဲ့သော်လည်း ယခုအခါ သိမ်းကြုံးဖမ်းဆီးနေသည်ဟု ကားလိုင်းပြေးဆွဲသူထံမှတစ်ဆင့် သိရှိရကြောင်း ဆက်ပြောသည်။
အဆိုပါ ၂၁ မိုင်ဂိတ်သည် ဖားကန့်သွားရာလမ်းကြောတွင် တိုက်ပွဲဖြစ်ပွားပါက ယခုကဲ့သို့ ခရီးသွားသူများအား ဖမ်းဆီးခြင်းကို ပြုလုပ်လေ့ရှိကြောင်း ခရီးသွားလာရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်တပ်၊ ယာဉ်ထိန်းရဲများ အထိုင်ချသည့် ၂၁ ဂိတ်ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ၂၀၂၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်တစ်ကြိမ်၊ ၂၀၂၁ခုနှစ်၊ ဇွန် ၃၀ ရက်နေ့တွင်တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။