စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်တစ်ဦးသေဆုံး၊ တိုက်ပွဲများဖြစ်ပွားနေ
24 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အနောက်ခြမ်းတွင် စစ်ရှောင်ပြည်သူများရှိသည့်နေရာသို့ စစ်ကောင်စီမှ မတ်လ ၂၃ ရက်နေ့တွင် ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
သေဆုံးသွားသည့် ပြည်သူတစ်ဦးမှာ ပန်းတင်ရွာမှ စစ်ရှောင်လာသူ အသက် ၅၀ နှစ်ကျော်အရွယ် ဦးမြင့်သန်းဖြစ်ပြီး ဗုံးစထိမှန် သေဆုံးသွားခြင်း ဖြစ်သည်ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ကောလင်း အနောက်ခြမ်း မင်းကုန်းရွာနှင့် ဖန်းခါးခုံရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့၍ ကောလင်း ခရိုင်တပ်ရင်း (၂) မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ကောလင်း ခရိုင်အမှတ် (၂) တပ်ရင်းက ထုတ်ပြန်ထားသည်။
မတ်လ ၂၂ ရက်နေ့တွင်လည်း ၎င်းစစ်ကြောင်းမှာ ပန်းတင်ရွာဘက်သို့ ဦးတည်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကောလင်း အနောက်ခြမ်းတို့ စစ်ကြောင်းထိုးလာသော တပ်မ (၁၁) စစ်ကြောင်းအား ကောလင်း ခရိုင်အမှတ် (၂) တပ်ရင်း၊ ကန့်ဘလူ ခရိုင်အမှတ် (၁) တပ်ရင်း၊ ကောလင်း လက်ရုံးတပ်နှင့် ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့မှ ပူးပေါင်းတိုက်ခိုက်လျှက်ရှိသည်။