မံစီက စခန်းကြီး ၃ ခုကို စစ်ကောင်စီတပ် စွန့်ခွာပြီး ဗန်းမော်ဘက် အင်အားဖြည့်
24 March 2024 – Kachinwaves
မံစီမြို့နယ်တွင် စစ်ကောင်စီက တပ်စခန်း ၃ ခု ကို စွန့်ခွာဆုတ်သွားသည်ဟု သိရှိရသည်။
စခန်းစွန့်ဆုတ်ခွါသွားသည့် စစ်ကြောင်းများမှာ ဗန်းမော်ဘက်သို့ အင်အားဖြည့်တင်းရန်အတွက် ဆုတ်ခွါသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ခန့်မှန်းသည်။
မံစီမြို့နယ်အတွင်းရှိ နမ့်လင်းပါ၊ လွယ်ခမ်းနှင့် မိုင်းခေါင်ကျေးရွာများမှ စခန်း (၃) ခုကို စစ်ကောင်စီစွန့်ခွါသွားသည်ဟု မံစီတွင်တာဝန်ကျနေသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“၃ နေရာစခန်းစွန့်တာ။ ခန့်မှန်းရသလောက်တော့ အဲ့စစ်ကြောင်းက ဗန်းမော်ပြန်မလားပဲ”
မိုင်းခေါင်ကျေးရွာရှိ မိုင်းခေါင် ခလရ (၄၇) တပ်က ယနေ့နံနက် အစောပိုင်း ၁ နာရီခွဲတွင် စွန့်ခွါသွားခြင်းဖြစ်ပြီး ယင်းစခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးကြောင်းလည်း သိရသည်။
နမ့်လင်းပါနှင့် လွယ်ခမ်းစခန်းမှာ မိုင်းခေါင်စခန်းမစွန့်ခွါမီ ရှေ့ရက်အနည်းငယ်ကတည်းက ကြိုတင်ဆုတ်ခွါသွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
၂၀၂၄ နှစ်ဆန်းကစပြီး မံစီမြို့နယ်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေခဲ့ရာ ၃ လဝန်းကျင် အတောအတွင်း စီခမ်းကြီး၊ မဂျီဂုံ၊ ပလောင်ဒင်ဆာ၊ ကိုင်ထိပ် အစရှိသောဗျူဟာကျသည့် စခန်းကုန်းများအပါအဝင် ရဲစခန်းနှင့် ကာကင်းစခန်း ၁၀ ခု ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။