ဗန်းမော်မြို့ အနောက်ဘက်ကမ်းရှိ စင့်ကင်ကျေးရွာမှာ ပစ်ခတ်သံတွေ ကြားခဲ့ရ
24 March 2024 – Kachinwaves
ဗန်းမော်မြို့ အနောက်ဘက်ကမ်း စင့်ကင်ကျေးရွာမှာ မနေ့ည ၁၀ နာရီထိုးခါနီးအချိန်က သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“သေနတ်သံတွေကြားရတယ်၊ ဆက်တိုက်ပဲ။ စင့်ကင်ရွာနဲ့ ကမ်းနီရွာကြားရွာမြီးမှာ ပစ်နေကြတာ။ လက်နက်ငယ်တွေ စိပ်တယ်။”
တိုက်ပွဲဖြစ်တာမဟုတ်ဘဲ စခန်းစွန့်ခွါထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အကာကွယ်ယူပေးတဲ့အနေနဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ယူဆကြောင်း ရပ်ရွာဒေသခံအခြားတစ်ဦးကလည်း ဆိုပါတယ်။
“စကခ ၂၁ တပ်မမှူးနဲ့အဖွဲ့ ဘွမ်ရဲဘွမ်စခန်းကျပြီး ထွက်ပြေးလာတာ ၄ ရက်ကျော်ရှိပါပြီ။ နားလုံရွာဘက်ကနေ နင်းအီ၊ မန်နောင်လမ်းကနေ ဟဲလုံကူးပြီး စင့်ကင်ဘက်လမ်းကနေ ပြေးလာတယ်ကြားလို့ သူတို့ (စစ်တပ်)က ကာကင်းအနေနဲ့ သွားခြောက်ပစ်တယ်လို့ ကြားရပါတယ်။”
စစ်ကောင်စီတွေ စွန့်ခွါထွက်ပြေးလာတဲ့ ဘွမ်ရဲဘွမ်စခန်းဟာ လိုင်ဇာကို လက်နက်ကြီးလှမ်းပစ်နိုင်တဲ့ အကြီးဆုံးစစ်စခန်းကြီးဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘွမ်ရဲစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့တွေက လိုက်လံတိုက်ခိုက်ခဲ့လို့ လိုင်ဇာအနီး ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ နားလုံကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွါးခဲ့ပါသေးတယ်။