မိုးမောက်ဘက်က အမြောက်တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထပ်မံ သိမ်းပိုက်
23 March 2024 – Kachinwaves
ဗန်းမော် – မြစ်ကြီးနား လမ်းကြောတစ်လျှောက် စစ်မျက်နှာစာဖွင့်ထားသည့် KIA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့သည် မိုးမောက်မြို့နယ်မှ တပ်စခန်းကြီး ၃ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KIO သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ယနေ့ မတ် ၂၃ ရက်နေ့တွင် မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာရှိ အမြောက်တပ် အမတ ၃၇၀ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မတ် ၂၁ ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ကုန်းလောကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခမရ ၄၃၈၊ ခမရ ၆၁၆ တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းခံရသော စစ်ကောင်စီတပ်က မိုးမောက်မြို့နယ် နမ့်ဆိုင်း (Nam Sai) ကျေးရွာတွင် ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကြဲသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ၎င်းဗုံကြဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပေ။
မတ် ၇ ရက်နေ့မှစတင်ခဲ့သည့် မြစ်ကြီးနား – ဗန်းမော်လမ်းကြောတစ်လျှောက်ရှိ စစ်မျက်နှာပြင်နှင့် ဆွမ်ပရာဘွမ်၊ ဖားကန့်၊ တနိုင်းစသည့် စစ်မျက်နှာပြင်တို့တွင် KIA ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ယနေ့အထိ စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး စုစုပေါင်း ၅၀ ဝန်းကျင်ကို သိမ်းထားနိုင်ပြီဖြစ်သည်။