အင်းတော်မြို့တွင်လည်း စစ်မှုထမ်းရန် ရပ်ကွက်တွင်း လူစာရင်းစတင်ကောက်ခံနေ
22 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် စစ်ကောင်စီတပ်များမှ စစ်မှုထမ်းရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေကြောင်း မြို့ပေါ်ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။
မတ်လ ၂၀ ရက်နေ့မှ စတင်ကောက်ခံခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများ စစ်မှုထမ်းရမည်ဟုဆိုကာ ရပ်ကွက်တော်တော်များများတွင် ကောက်ခံပြီးပြီဖြစ်ကြောင်း ပြောသည်။
“မိသားစုတစ်စုမှာ သတ်မှတ်ထားတဲ့ အသက်ပြည့်မီသူတွေကို ဖောင်ဖြည့်ခိုင်းတယ်၊ အသက်ပြည့်မီပေမဲ့ အိမ်မှာမရှိဘူး၊ ခရီးထွက်နေတယ်ဆိုရင် ဘယ်သွားသလဲဘာညာ အကုန်မေးတယ်။ ပြီးရင် ၁၀ ရက်အတွင်းပြန်ခေါ်ဖို့လည်း မိသားစုကို လက်မှတ်ထိုးခိုင်းတယ်။ အဲ့တာပြီးရင်တော့ ရပ်ကွက်အလိုက် မဲနှိုက်ရွေးချယ်မယ်လို့ ပြောတယ်။” ဟု ဆိုသည်။
ဦးဆောင်ပြီး စာရင်းလိုက်လံကောက်ခံနေသူမှာ စခန်းမှူးဦးကြည်လင်းထွန်း၊ မြို့နယ်မှူးဦးအောင်နိုင်ဦးနှင့် စစ်သားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ကြောင်း သိရသည်။
အင်းတော်မြို့သည် အောင်ဇေယျ၊ အောင်မေတ္တာ၊ အောင်မင်္ဂလာ၊ အောင်ချမ်းသာ စသည့် ရပ်ကွက်လေးခုရှိပြီး လူဦးရေ ၁ သောင်းကျော်နေထိုင်သည့် မြို့ဖြစ်သည်။