စစ်မှုထမ်းဥပဒေကို အသက်သွင်းရန်ကြိုးပမ်းနေသူများကို ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ကြောင်း ဖားကန့် KPDF ထုတ်ပြန်
22 March 2024 – Kachinwaves
စစ်မှုထမ်းဥပဒေကို အသက်သွင်းရန်ကြိုးပမ်းနေသူများကို ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ကြောင်း ဖားကန့် KPDF က ယမန်နေ့က စာထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီချမှတ်ထားသည့် အမိန့်အတိုင်း လိုက်နာပြီး လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ စေခိုင်းနေသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မျိုးဆက်သစ် လူငယ်များအနေဖြင့်လည်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုဘဲ ဆန့်ကျင်ရန်နှင့် ဆန့်ကျင်လိုသူ လူငယ်များကိုလည်း ဖားကန့် KPDF က ကူညီသွားမည်ဖြစ်သည်ဟု ဆိုသည်။
မတ်လ တတိယအပတ်ကစပြီး ကချင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးတွင် နည်းလမ်း၊ ပုံစံမျိုးစုံဖြင့် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်း၊ လူစုဆောင်းခြင်းများ ပြုလုပ်နေသော်လည်း ဖားကန့်မြို့နယ်တွင် ယခုလက်ရှိအချိန်အထိ အရပ်သားများကို စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းများ မရှိသေးကြောင်း ဒေသခံများက ဆိုကြသည်။
အာဏာသိမ်းစစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကို “ပြည်သူ့စစ်မှုထမ်းဥပဒေ” စတင်အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ပြီး ဥပဒေကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ၎င်းဥပဒေအရ အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား၊ အမျိုးသမီးဆိုလျှင် ၁၈ နှစ်မှ ၂၇ နှစ်ကြားရှိပြီး ကင်းလွတ်ခွင့်ရရှိနိုင်သူစာရင်းထဲ မပါဝင်သူများသော နိုင်ငံသားများသည် စစ်မှုထမ်းဆောင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။