မိုးမောက်မြို့ ဟင်းသာရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဒဏ်ရာရ
22 March 2024 – Kachinwaves
တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ်အတွင်းက ဟင်းသာရွာတွင် ယမန်နေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်က လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီး ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မင်းဂျမ်းရွာမှ ဟင်းသာရွာသို့ စစ်ရှောင်လာသည့် စစ်ရှောင်ပြည်သူများ ရောက်ရှိနေသည့်နေရာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ထိခိုက်သူ၊ သေဆုံးသူများရှိခဲ့သည်ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။
“အဒေါ်တွေဖြစ်သွားတာ။ သူတို့က မင်းဂျမ်းဈေးကုန်းမှာ နေတာလေ။ တိုက်ပွဲဖြစ်လို့ဆိုပြီး ဟင်းသာရွာကို ခဏသွားရှောင်တာ။ အိမ်ငှားပြီးသွားနေတာ။ အဲ့တာစစ်ဖြစ်နေတဲ့အချိန်ဆိုတော့ လက်နက်ကြီး ရှော့ဒုန်းထိပြီးသေတာပါ။”
သေဆုံးသူအမျိုးသမီးနှစ်ဦးမှာ အသက် ၆၀ နှစ်ကျော်အရွယ် အဖွားအိုနှင့် ကလေးအမေတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၅၀ နှစ်ကျော်၊ ၂၀ နှစ်ကျော်နှင့် ဆယ်နှစ်ကျော် သက်အရွယ်အမျိုးသမီးများနှင့် အသက် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။
သေဆုံးသူနှစ်ဦးအား ဟင်းသာရွာတွင်ပင် ယမန်နေ့က သင်္ဂြိုဟ်ခဲ့သည်ဟု သိရှိရပြီး ထိခိုက်ဒဏ်ရာရသူများကိုမူ ဗန်းမော်ဆေးရုံသို့ ပရဟိတအသင်းများက ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရှိရသည်။
မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီ က လေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး စစ်ပွဲအတွင်း အရပ်သားထိခိုက်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။